ဝါဆိုလပြည့်နေ့

အသေးစိတ် အချက်အလက်များ

 

ပွဲတော်အမည်  – ဝါဆိုလပြည့်နေ့

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လဝါဆို” ဟူသည်နှင့်အညီ ဘုရားလောင်း ပဋိသန္ဓေယူတော်မူသောနေ့၊ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး တရားဦးဓမ္မစကြာတရားဟောတော်မူသောနေ့ဟု ထင်ရှားသည့် ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်သူတော်စင်များ ဘုရားစေတီ ကျောင်းကန်များသို့ သွားရောက်ပြီး ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ ဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ခြင်း စသည်တို့ကို ပြုလုပ်ဆောင်ရွက်ကြပါသည်။ ဘုရားသားတော်များ ဖြစ်ကြသော သံဃာတော်အရှင်မြတ်တို့သည် ဝါဆိုလပြည့်ကျော်(၁)ရက်နေ့မှစ၍ ဝါတွင်း(၃)လကာလပတ်လုံး ဝါဆို/ဝါကပ်ကြသော အခါထူးအခါမြတ်ဖြစ်ခြင်း၊ ဝါတွင်းကာလသည် မိုးရာသီဖြစ်သောကြောင့် သံဃာတော်အရှင်မြတ်များ စိတ်အေးကျန်းမာ ချမ်းသာစွာ တရားဘာဝနာများ အားထုတ်ကျင့်ကြံနိုင်ရန် ပစ္စည်း(၄)ပါးအစရှိသော ဝါဆိုလျာမိုးရေခံသင်္ကန်းတော်မြတ်တို့ကို ဆက်ကပ်လှူဒါန်းခြင်း စသည်တို့ကို ပြုလုပ်ဆောင်ရွက်ကြသည်ကို စံနမူနာပြု၍ ဘုရားကြီး၏ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဦးဆောင်ကျင်းပမှုဖြင့် ဝါဆိုလပြည့်နေ့တွင် ဗားကရာတိုက်အတွင်း သီတင်းသုံးတော်မူကြသည့် ဝါဆို/ဝါကပ် တော်မူကြသော ဆရာတော်သံဃာတော်များ ဝါဆိုတော်မူပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတို့အား ပြုလုပ်ပူဇော်ခြင်း၊ ဆရာတော်သံဃာတော်များအား ဆွမ်းဘောဇဥ်ချိုချဥ်အရသာအဖြာဖြာတို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ သာဓုအနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေခြင်းများပြုလုပ်ခြင်းတို့ကို ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ အကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများ စုပေါင်း၍ နှစ်စဥ်ကျင်းပလျက်ရှိပါသည်။