ကဆုန်လပြည့်နေ့

အသေးစိတ် အချက်အလက်များ

 

ပွဲတော်အမည်  – ကဆုန်လပြည့်နေ့

ဘုရားလောင်းနိယတဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့များဖြစ်သည့် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် ဗုဒ္ဓမြတ်စွာ ဗောဓိဉာဏ်ရရှိတော်မူခဲ့ရာ မဟာဗောဓိပင်သည် ပူပြင်းသည့် ရာသီဥတုဒဏ်ကိုကြုံရသဖြင့် ညှိုးနွမ်း‌ခြောက်သွေ့နေသည်ကို စိုပြည်ရှင်သန်စေရန် ရည်ရွယ်ချက်ဖြင့် ရေသွန်းလောင်း ပူဇော်ကြသည့် အစဉ်အလာကို အလေးဂရုပြု၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့သည် ကဆုန်လပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ၏အကျိုးဆောင်အဖွဲ့လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများ စုပေါင်း၍ တန်ဆောင်းအတွင်းတွင် ဘုရားကြီးကို ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ နံ့သာတို့ဖြင့် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ နဖူးစည်းဆိုင်းဘုတ်၊ ပန်းစိုက်ဖလား၊ သာသနာ့အလံကိုင်များ၊ ကြေးစည်၊ မောင်း၊ ခရုသင်းအဖွဲ့နှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများအကျိုးဆောင်အဖွဲ့ လူကြီးများဦးဆောင်၍ ဗြဟ္မာ၊ သိကြား၊ နတ်၊ နဂါး၊ ဂဠုန်ဝတ်ဆင်ထားသူများ၊ ရိုးရာဝတ်စုံဝတ်ဆင်ထားသူများနှင့် ရုံးဝန်ထမ်းများ၊ ဝေယျာဝစ္စအသင်းသူ/ သားများမှ ညောင်ရေအိုး၊ သပြေပန်း၊ သာသနာ့အလံအသေးတို့ကို ကိုယ်စီကိုင်ဆောင်ကာ ဘုရားကြီးကို လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ခြင်း တို့ကိုပြုလုပ်ကာ ဂန္ဓကုဋိတိုက်၏ အရှေ့တောင်ယွန်းယွန်း (အင်္ဂါထောင့်)ရှိ ညောင်ပင်ပျိုအား ညောင်ရေသွန်းလောင်းကြပါသည်။ ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများကို အခမ်းအနားသို့ပင့်ဆောင်၍ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ ဆရာတော်ကြီးများထံမှ သီလခံယူခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေခြင်းများပြုလုပ်ခြင်းတို့ကို ဗုဒ္ဓ၊ ဓမ္မ၊ သံဃပူဇာ ပြည့်စုံစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။