စေတီတော်ဆိုင်ရာ

ကိုးထပ်ကြီးစေတီတော်သမိုင်း




![{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{"adjust":1},"is_sticker":false,"edited_since_last_sticker_save":true,"containsFTESticker":false}](https://pdd.yangon.gov.mm/khgyi/wp-content/uploads/elementor/thumbs/32-rbeadcl0m9spmck0t2882q6iclg2vqwjshewl5laoo.jpg)
- ကိုးထပ်ကြီးဘုရားကြီးကို ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်လျက်ရှိပါသည်။ ဘုရားကြီးစတင်တည်ထားချိန် (၁၉၀၅)ခုနှစ်မှစ၍ (၁၉၇၁)ခုနှစ် မတိုင်မှီအထိ ဘုရားကြီးတည်ရှိရာ မြို့နယ်သည် ကြည့်မြင်တိုင်မြို့ဖြစ်ပါသည်။ စမ်းချောင်းမြို့နယ် ဖြစ်တည်လာမည့်နေရာတွင် ရွာတစ်ရွာ ရှိခဲ့ပြီး စမ်းချောင်း တစ်ဖက်တစ်ချက်စီတွင် အိမ်ခြေများ ရှိသည်။ ထိုသို့ စမ်းချောင်း ဖြတ်စီးနေသည်ကို အကြောင်းပြု၍ (၁၉၇၁) ခုနှစ်တွင် ကြည့်မြင်တိုင်မြို့နယ်ဟုခေါ်တွင်နေရာမှ စမ်းချောင်းမြို့နယ် အဖြစ် စနစ်သစ်အုပ်ချုပ်ရေးအစပြုသည့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်တွင် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။
- စမ်းချောင်းမြို့နယ်၏အကျယ်အဝန်းမှာ ၀.၉၅၅ စတုရန်းမိုင် ဖြစ်သည်။ စမ်းချောင်းမြို့နယ်၏ အထင်ကရလမ်းများမှာ ဟံသာဝတီလမ်း၊ ဦးဝိစာရလမ်း၊ ဓမ္မစေတီလမ်း နှင့် ရှင်စောပုလမ်း နှင့် မြို့ပတ်ရထားလမ်းများဖြစ်သည်။ စမ်းချောင်းမြို့နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ကမာရွတ်မြို့နယ်၊ တောင်ဘက်တွင် ဒဂုံမြို့နယ်နှင့် အနောက်ဘက်တွင် ကြည့်မြင်တိုင်မြို့နယ် တို့တည်ရှိသည်။ စမ်းချောင်းမြို့နယ်မှ ဟံသာဝတီလမ်း၊ ဦးဝိစာရလမ်းတို့နှင့် ကမာရွတ်မြို့နယ်၊ ဓမ္မစေတီလမ်းနှင့် ဒဂုံမြို့နယ်၊ ရှင်စောပုလမ်းနှင့် အလုံမြို့နယ်၊ မြို့ပတ်ရထားလမ်း နှင့် ကြည့်မြင်တိုင်မြို့နယ်တို့ကို ဆက်သွယ်သွားလာနိုင်သည်။ စမ်းချောင်းမြို့နယ်အတွင်းရှိ အဓိပ္ပါယ်အရခေါ်ဝေါ်သောလမ်းအချို့မှာ ရှမ်းကုန်သည်များ နေထိုင်ခြင်းကြောင့် ရှမ်းလမ်း၊ အထက်မြန်မာနိုင်ငံ မြန်မာဘုရင်လက်အောက်မှ ထွက်ပြေးလာကြသော မြန်မာမင်းဆွေမင်းမျိုးများ အများအပြားနေထိုင်ရာလမ်းကို မင်းလမ်း၊ အမတ်ကြီးဦးဖီးနေထိုင်ရာလမ်းကို အစွဲပြု၍ ဦးဖီးလမ်း၊ ရှမ်းအမျိုးသား ဦးဂွယ်နေထိုင်သည်ကို အစွဲပြု၍ ဦးဂွယ်လမ်း၊ သဲပုံစေတီနှင့် မြင့်မိုရ်ပွဲများကို အစွဲပြု၍ မြင့်မိုရ်လမ်း၊ ဆီဆုံများ တည်ရှိခြင်းကို အစွဲပြု၍ ဆီဆုံလမ်းဟု အသီးသီး ခေါ်ဆိုခဲ့ကြပါသည်။ စမ်းချောင်းမြို့နယ်တွင် အစိုးရ မူလတန်းကျောင်း (၁၇) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း နှင့် အထက်တန်းကျောင်း (၄)ကျောင်း ရှိပြီး ရပ်ကွက်မှာ (၁၈) ခုရှိသည်။ ၎င်းတို့မှာ အောင်ချမ်းသာရပ်ကွက်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ကျွန်းတော(အလယ်)ရပ်ကွက်၊ ကျွန်းတော (မြောက်)ရပ်ကွက်၊ ကျွန်းတော(တောင်)ရပ်ကွက်၊ လင်းလွန်း(မြောက်)ရပ်ကွက်၊ လင်းလွန်း(တောင်) ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း(မြောက်)ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း(တောင်) ရပ်ကွက်၊ မြေနီကုန်း(မြောက်)ရပ်ကွက်၊ မြေနီကုန်း(တောင်)ရပ်ကွက်၊ စမ်းချောင်း(မြောက်)ရပ်ကွက်၊ စမ်းချောင်း (တောင်)ရပ်ကွက်၊ ရှင်စောပုရပ်ကွက်၊ သံတံတားရပ်ကွက်၊ သီရိခေမာရပ်ကွက်၊ ဝေဠုဝန် (မြောက်)ရပ်ကွက်၊ ဝေဠုဝန်(တောင်)ရပ်ကွက် တို့ဖြစ်ကြသည်။ စမ်းချောင်းမြို့နယ်သည် စီးပွားရေးအချက်အချာကျပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်သော မြို့နယ်လည်းဖြစ်သည်။ ဘုရားဖူးဧည့်သည်များအမြဲမပြတ် လာရောက်ဖူးမြော်ကြပြီး အဓိဌာန်ပါရမီဖြည့်ကျင့်သူတို့နှင့် စည်ကားနေသော စမ်းချောင်းမြို့နယ်မှ “အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီးဘုရားကြီး” မှာ အလွန်သပ္ပယ်ကြည်ညိုဖွယ် ကောင်းလှပါသည်။

တည်နေရာပြ အညွှန်း

ကိုးထပ်ကြီးဘုရားကြီးကို ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်လျက်ရှိပါသည်။