ဘုရားစေတီများ

ဘုရားစေတီများ

ဆဋ္ဌသင်္ဂါယနာတင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်

စေတီတော်ကြီးကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ၁၀၁ -အနောက်ဘက် ကပ်လျက် ကမ္ဘာအေးကုန်းမြေတွင် တည်ရှိပါသည်။ ဆဋ္ဌသင်္ဂါယနာတင်လှူပွဲကြီး အထိမ်းအမှတ်အဖြစ် ကမ္ဘာသူ ကမ္ဘာသူကမ္ဘာသားများကျက်သရေမင်္ဂလာအပေါင်း ခညောင်းပြီး အေးချမ်းသာယာမှု ရှိကြစေရန် တည်ထားခြင်းဖြစ်ပြီး စေတီတော်ကြီးကို ကမ္ဘာအေးကုန်းမြေ၊ မြေဧရိယာ (၄.၈ဝ၆)ဧကပေါ်တွင် တည်ထား ပြီး ၁၃၁၂- ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၄)ရက်၊ (၁ – ၉ – ၁၉၅ဝ)တွင် ပန္နက်ရိုက်ပြီး ဝါခေါင် – လပြည့်ကျော် (၆)ရက် (၃-၉- ၁၉၅ဝ)တွင် အုတ်မြစ်ချ တည်ဆောက်ခဲ့ပါသည်။ ၁၃၁၃-ခုနှစ်၊ တပေါင်းလဆုတ်(၅-၃-၁၉၅၂)တွင် အောင်ပြီးစီး၍ ပင့်သံဃာ၁ဝ၈)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇ ဝိသေကအနေကဇာ တင်ခဲ့ပြီး ၁၃၁၃- ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁)ရက်၊ (၁၁-၃-၁၉၅၂)တွင် ရွှေထီးတော် တင်လှူခဲ့ပါသည်။ ဉာဏ်တော်(၁၁၈)ပေ(၇၈-တောင် ၂- မိုက်) နှင့် စေတီတော် လုံးပတ် (၂၂၅)ပေ ရှိပါသည်။

ဂန္ဓကုဋီတိုက်အတွင်းရှိ ဓါတ်တော် မွေတော်များ
 

သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂန္ဓကုဋီတိုက်တွင် မြတ်စွာဘုရား ဓါတ်တော်များနှင့် အဂ္ဂသာဝကကြီး (၂)ပါးဖြစ်သော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် ရဟန္တာမြတ်ကြီး(၂)ပါးတို့၏ ဓါတ်တော်များ ကိန်းဝပ် စံပါယ်လျှက်ရှိပါသည်။ မြတ်စွာဘုရားဓါတ်တော်များမှာ အိန္ဒိယနိုင်ငံ လာနိသျှကမင်း၏ နေပြည်တော်ပက်သျှဝါ ဒေသရှိ ပက်သျှဝါစေတီတော် ပျက်စီး ပြိုကျသည့်နေရာမှ ၁၉ဝ၈ – ခုနှစ်တွင် တူးဖော်ရရှိခဲ့ပြီး မန္တလေးမြို့ကြေးမြင်မိဘုရားကြီးမှ ဗြိတိသျှဘုရင်ထံ မေတ္တာရပ်ခံချက်အရ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်မင်တိုက ၁၉၁ဝ-ခုနှစ်တွင် မြန်မာပြည်သို့ အခမ်းအနားဖြင့် လွှဲပေးသဖြင့် ပူဇော်ခွင့် ရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ အဂ္ဂသာဝကရဟန္တာအရှင်မြတ်ကြီး (၂)ပါးတို့၏ ဓါတ်တော်များမှာ ဗုဒ္ဓသာသနာပြု အာသောကမင်းကြီး လက်ထက် အဝန္တိတိုင်း၊ ဥဇ္ဇေနီပြည်နယ်(ယခု အိန္ဒိယနိုင်ငံ ဘိုပေါလ်ပြည်နယ်) ဝေဒိဿတောင်နံရံရှိ သဉ္စိ (Sanche) စေတီတော်ကြီးတွင် ထည့်သွင်း ဌာပနာခဲ့ ကြောင်း၊ ခရစ်နှစ် ၁၈၅၁ – ခုနှစ်၊ (မြန်မာ ၁၂၁၂ – ခုနှစ်) တွင် စေတီဟောင်းနေရာကို တူးဖော် ရာမှ ကျောက်သေတ္တာငယ်အတွင်းမှ ဖူးတွေ့ရရှိခဲ့ပြီး လန်ဒန်မြို့ ဝိတိုရိယပြတိုက်တွင် ထားရှိရာမှ ၁၉၅၁ – ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနု၏ မေတ္တာရပ်ခံချက်အရ အိန္ဒိယနိုင်ငံ  မဟာဗောဓိ အသင်းကြီးမှ ဓါတ်တော်များ ခွဲဝေပေးခဲ့သဖြင့် ကမ္ဘာအေးစေတီတော်    ဂန္ဓကုဋီတိုက်အတွင်း ထားရှိကာ မြတ်စွာဘုရားဓါတ်တော်၊ အဂ္ဂသာဝကကြီး (၂)ပါး ဓါတ်တော်များကိုတစ်နေရာတည်း ဖူးမျှော်ခွင့် ရရှိကြခြင်းဖြစ်ပါသည်။

လက်ျာတော်ရံ ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ ဓါတ်တော် (၃)ဆူ

အိန္ဒိယနိုင်ငံ ဥဇ္ဇေနီပြည်နယ် (ယခုဘိုပေါလ်ပြည်နယ်) ဝေဒိဿတောင်နံရံတွင် သီရိဓမ္မာသောက မင်းကြီး က ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သော သဉ္စိ(San Chi) စေတီတော်ကြီး ပြိုကျပျက်စီးသည့်နေရာမှ ၁၈၅၁–ခုနှစ်တွင် တူးဖော်ရရှိခဲ့ပြီး ၁၉၅၁−ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်နိုင်ခဲ့သော အဂ္ဂသာဝက အရှင်သာရိပုတ္တရာ အရှင်မြတ်ကြီး၏ ဓါတ်တော်များ ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားဓါတ်တော်(၅)ဆူ

အိန္ဒိယနိုင်ငံ၊ ဂန္ဓရပြည့်ရှင် ကနိသျှက မင်းကြီးက မြတ်စွာဘုရား ဓါတ်တော်များကို ဌာပနာ၍ တည်ထားခဲ့သော ပက်သျှဝါ စေတီတော်ကြီး ပြိုကျပျက်စီးသည့် နေရာမှ ၁၉ဝ၈-ခုနှစ်တွင် တူးဖော်ရရှိခဲ့ပြီး ၁၉၁၀-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်နိုင်ခဲ့သော မြတ်စွာဘုရား၏ ဓါတ်တော်များ ဖြစ်ပါသည်။

လက်ဝဲတော်ရံ တန်ခိုးတော်အရာ ဧတဒဂ်ရ အရှင်မဟာမောဂ္ဂလာန် ဓါတ်တော် (၁)ဆူ

အိန္ဒိယနိုင်ငံ ဥဇ္ဇေနီပြည်နယ် (ယခုဘိုပေါလ်ပြည်နယ်) ဝေဒိဿတောင်နံရံတွင် သီရိဓမ္မာသောက မင်းကြီး က ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့သော သဉ္စိ (San Chi) စေတီတော်ကြီး ပြိုကျပျက်စီးသည့်နေရာမှ ၁၈၅၁-ခုနှစ်တွင် တူးဖော်ရရှိခဲ့ပြီး ၁၉၅၁−ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပင့်ဆောင်ပူဇော်နိုင်ခဲ့သော အဂ္ဂသာဝက အရှင်မဟာမောဂ္ဂလာန် အရှင်မြတ်ကြီး၏ ဓါတ်တော် ဖြစ်ပါသည်။

သီရိမင်္ဂလာမဟာဇိနိန္ဒဘောဆင်းတုတော်ကြီး

စေတီတော်ကြီး၏အလယ်ဗဟို ဂန္ဓကုဋီတိုက်အတွင်းရှိ သီရိမင်္ဂလာမဟာဇိနိန္ဒဘွဲ့တော် ဗုဒ္ဓ ဆင်းတုတော်ကြီးသည် နမ္မတူဘော်တွင်းမှ ဘော်သားအစစ်ဖြင့် ထုလုပ်ပူဇော်ထားပြီး ပိဿာချိန် (၃၃၃)ပိဿ၊ (၅၄၃.၇၇) ကီလိုဂရမ်၊ ဉာဏ်တော်အမြင့် (၈)ပေ၊ (၃)မီတာရှိကာ ၁၃၁၄ – ခုနှစ်၊ တပို့တွဲလဆန်း (၁ဝ)ရက်၊ (၂၄-၁-၅၃) ရက်၊ စနေနေ့တွင် သွန်းလုပ်ပြီးစီးခဲ့ပါသည်။ မကိုဋ်တော်၊ နားပန်တော်နှင့်ရွှေနားကင်းတော်များမှာ ရွှေစစ်များ ဖြစ်ပြီး ၁၃၆၂- ခုနှစ်၊ တပို့တွဲ လဆန်း (၁၃)ရက်၊ (၅-၂-၂ဝဝ၁)ရက်နေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ရွှေအလေးချိန် (၁၈၁-ကျပ် ၂ပဲ ၊ ၂-ရွေး) ကုန်ကျငွေ တန်ဖိုး (၁၂၀၈၁၁၇၀.၃၀) ကျပ်ဖြစ်ပါ သည်။ စလွယ်တော်၊ ဘယက်တော်နှင့်ပခုံးကာများကို ရွှေသားစစ် ကပ်လှူရန် ၁၃၆၆- ခုနှစ်၊ တပို့တွဲ လဆန်း (၁၀)ရက်၊ (၁၈-၂-၂၀၀၅)ရက်နေ့တွင်ကပ်လှူခဲ့ပြီး၊ ရွှေချိန် (၂၇၉)ကျပ်သား တန်ဘိုး (၅၉၁၅၉၈၅၅ိ/-) ကျပ်ဖြစ်ပါသည်။

စေတီတော်ရှိမုခ်(၅)မုခ်နှင့်ဆင်းတုတော် (၅)ဆူ
 

သာရ၊ မဏ္ဍ၊ ဝရ၊ သာရမဏ္ဍ ၊ ဘဒ္ဒဟူသော ကမ္ဘာငါးမျိုးတွင် ဘုရား(၅)ဆူ ပွင့်သော လက်ရှိ ဘဒ္ဒကမ္ဘာကို ရည်မှန်းပြီး မုခ် (၅)မုခ် ပြုလုပ်ထားပါသည်။ ၅-မုခ်တွင် ဂေါတမဗုဒ္ဓနိယတ ဗျာဒိတ်ခံယူခဲ့သည့် ဒီပင်္ကရာနှင့် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီး ကကုသန္ဓ၊ ကောဏဂမန ကဿပ၊ ဂေါတမ ရုပ်ပွားတော် (၅)ဆူ တည်ထားပူဇော်ထားရှိပါသည်။ ဉာဏ်တော် အမြင့်မှာ ၈ – ပေဖြစ်ပါသည်။

မုဒြာ (ရပ်တော်မူ) အဆူနစ်ဆယ်
 

စေတီတော်ကြီး၏အပြင်နံရံပတ်လည်တွင် အေဒီ ၂-ရာစုမှ ယနေ့ မျက်မှောက်ခေတ် (၂၁)ရာစုအထိ မုဒြာ (၁၀)မျိုးဖြင့် ခေတ်အဆက်ဆက်၌ သွန်းလုပ်ပူဇော်ခဲ့ကြသော ထေရ ဝါဒဗုဒ္ဓဘာသာထွန်းကားရာ (၁၄)နိုင်ငံတို့မှ ဉာဏ်တော်အမြင့် (၆)ပေ(၆)လက်မရှိ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်အဆူ နှစ်ဆယ်တို့ကိုလည်း သွန်းလုပ်၍ ရွှေဆေးများ ကပ်လှူ ပူဇော်ထားရှိပါသည်။ နောက်ခံ ပန်းချီကားများနှင့် ဆင်းတုတော်များကိုလည်း အခါအားလျော်စွာ မွမ်းမံ ပြုပြင်ခဲ့ပါသည်။

ရပ်တော်မူ အဆူ(၂၀) ပူဇော်ရခြင်းအကျိုး

ရုပ်ပွားတော်အဆူ(၂၀)ကို ပူဇော်ကြည်ညိုရခြင်းသည် ရုပ်ပွားတော်ထုလုပ်ခြင်းအစ (အေဒီ- ၁၊ ၂ ရာစုမှ အစချီသဖြင့်) နှစ် ၁၉၀၀ နီးပါးရှည်လျားခဲ့သောသမိုင်းဝင် ရုပ်ပွားတော်များကို ပူဇော်ရာရောက်စေပါသည်။

ရပ်တော်မူ အဆူ (၂၀)မှာ

ဥကင်မုခ်တံကဲများ အတွင်းရပ်တော်မူရုပ်ပွားတော်များကို လိုက်လျောသပ္ပါယ်ပူဇော်ထားရှိပါသည်။

မြန်မာနိုင်ငံမှ ၅ – ဆူ

ပျူခေတ် (လွန်ခဲ့သောနှစ်) ၁၃၀၀-ခန့် ၁-ဆူ

ပုဂံခေတ် (လွန်ခဲ့သောနှစ်) ၉၀၀-ခန့် ၁-ဆူ

အင်းဝခေတ် (လွန်ခဲ့သောနှစ်) ၃၀၀-ခန့် ၁-ဆူ

အမရပူရခေတ် (လွန်ခဲ့သောနှစ်) ၂၀၀-ခန့် ၁-ဆူ

နိုင်ငံ (၁၄)နိုင်ငံမှ ၁၅ – ဆူ

နီပေါ                                                       ၉-ရာစု               ၁-ဆူ

အိန္ဒိယ (မထူရ)                                       ၅-ရာစု               ၁-ဆူ

ပါကစ္စတန်(ဂန္တရာ)                                  ၂-ရာစု                ၁-ဆူ

အာဖဂန်နစ္စတန်(ဂန္ဓာရ)                           ၂-ရာစု                ၁-ဆူ

ဘင်္ဂလားဒေ့ရှ် (ပါလ)                               ၉-ရာစု                ၁-ဆူ

သီရိလင်္ကာ (အော့ကာနာ)                        ၅-ရာစု                 ၁-ဆူ

ကမ္ဘောဒီးယား (အန်ကာဝပ်)                     ၁၀-ရာစုခန့်          ၁-ဆူ

လောနိုင်ငံ (ဗီယန်ရှင်း)                            ၁၃-ရာစု               ၁-ဆူ

ထိုင်း (ဆူခိုထိုင်း)                                    ၁၄-ရာစု               ၁-ဆူ

ထိုင်း (ဆူခိုထိုင်း)                                    ၂၀ – ရာစု             ၁-ဆူ

ဗီယက်နမ် (အမရဝတီဟန်)                      ၉-ရာစု                 ၁-ဆူ

အင်ဒိုနီးရှား (ဘောရောမုဒ)                      ၁၁-ရာစု               ၁-ဆူ

တရုပ် (ထွန်ဟောင်)                                ၇-ရာစု                 ၁-ဆူ

ကိုရီးယား                                              ၇-ရာစု                 ၁-ဆူ

ဂျပန်                                                     ၈-ရာစု                 ၁-ဆူ

ရပ်တော်မူ အဆူ(၂၀)တွင် ဖူးတွေ့နိုင်သော
“မုဒြာ” လက်တော်များ

သန္တိဒမုဒြာ         =        ငြိမ်းချမ်းသာယာမှုကိုပေးဟန်

အဘယမုဒြာ      =       (ဟန်တော်ဆင်ရာ) ဘေးအန္တရာယ်ကင်းငြိမ်းစေဟန်

ဥတ္တရာဗောဓိမုဒြာ    =   ပါရမီဆယ်ပါး ပြီးပြည့်ဆုံခြင်းကို ညွှန်းဟန်

(ထိုင်တော်မူပါက = ဓမ္မစကြာမုဒြာ)

ဝရဒမုဒြာ      =      တရားဓမ္မနှင့်ဆုလာဘ် ချီးမြှင့်တော်မူဟန်

(ထိုင်တော်မူပါက လာဘမုနိမုဒြာ)

ဒါနမုဒြာ      =      အလှူဒါန ချီးမြှင့်တော်မူဟန်

မဟာဂရုဏာမုဒြာ      =      မဟာဂရုဏာကို ပြဆိုဟန်

ဒေသစာရီမုဒြာ      =      ဒေသစာရီကြွမြန်းတော်မူဟန်

စီဝရဟတ္တမုဒြာ      =      သင်္ကန်းတော်ကိုင်တော်မူဟန်

သန္ဒဿနမုဒြာ        =      တရားပို့ချတော်မူဟန်

နှစ်ကျိပ်ရှစ်ဆူဘုရားရှင်တို့၏ ရုပ်ပွား ဆင်းတုတော်များ
 

ဓါတ်တော်တိုက်၏ အပြင်နံရံအထက်ပိုင်း ပတ်လည်တွင် ဂေါတမဗုဒ္ဓအလောင်းတော် နုစဉ်ကာလတွင် ဘုရားဆုပန်ဆင်ခဲ့သော ဒီပင်္ကရာဘုရားမှ ကဿပဘုရားအထိ (၂၄)ဆူသော ဘုရားတို့နှင့် ဒီပင်္ကရာဘုရား မပွင့်မီ ရှေ့၌ ပွင့်သော တဏှင်္ကရာဘုရား၊ မေဓင်္ကရာဘုရား၊ သရဏင်္ကရာဘုရားစသော အဆိုပါ နှစ်ကျိပ်ခုနှစ်ဆူနှင့် ဂေါတမမြတ်စွာ ဘုရားကို ရည်ရွယ်၍ စေတီတော်ကြီး၏ အလယ်ဗဟိုဓါတ်တော်တိုက်၏ ပြင်ပနံရံအထက် ပိုင်း ပတ်လည်တွင် နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားဆင်းတုတော်များကို သစ်သားဖြင့် ထုလုပ်ပူဇော် ထားရှိပြီး ရွှေသင်္ကန်း လှူဒါန်းထားရှိပါသည်။ ဆင်းတုတော်များ၏ ဉာဏ်တော်မှာ အမြင့် (၃၃)လက်မစီ ဖြစ်ပါသည်။

နိုင်ငံတကာမှ လှူဒါန်းထားသည့် ဗုဒ္ဓရုပ်ပွားတော်များ
 

စေတီတော်ကြီးအတွင်း ဓါတ်တော်တိုက် အပြင်ဘက်ပတ်လည်တွင် ဗီယက်နမ်နိုင်ငံ၊ ထိုင်း နိုင်ငံတို့မှ ဗုဒ္ဓရုပ်ပွားတော်များနှင့် ပြည်တွင်း အလှူရှင်များ လှူဒါန်းထားသည့် ဗုဒ္ဓရုပ်ပွားတော် များကိုလည်း ဖူးတွေ့နိုင်မည်ဖြစ်ပါသည်။

ရပ်တော်မူ“ဘဝသုခအဘယလာဘမုနိမြတ်စွာဘုရား”
 

စေတီတော်ကြီး၏ အရှေ့မြောက်က်တွင် ရပ်တော်မူ “ဘဝသုခအဘယလာဘမုနိ” မြတ်စွာ ဘုရား ရှိပါသည်။ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တန့် ခိုင်မြဲစေပြီးထွန်းလင်းတောက်ပစေရန် နှင့် အများပြည်သူ ကြည်ညိုဖူးမြှော်နိုင်ရန်အတွက် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်၊ ဘဝ သုခ အဘယ လာဘမုနိမြတ်စွာဘုရားအား ဒေါက်တာသန်းနိုင်၊ ဒေါ်ဝေဝေ (ရန်ကုန်) မိသားစုတို့မှ ၈.၇.၂၀၁၇ ရက်နေ့တွင် လှူဒါန်းပါသည်။

မဟာဗောဓိပင်နှင့်ဂြိုလ်ပြေ နံပြေ ဂြိုလ်တိုင်များ
 

စေတီတော်ကြီး၏ အရှေ့တောင်ဘက်အရပ်တွင် ဗုဒ္ဓဂါယာမှ ပင့်ဆောင်လာသည့် မဟာဗောဓိပင်ကြီးရှိပြီး သက်တမ်းအားဖြင့် ( ) နှစ်ခန့် ရှိပြီ ဖြစ်ပါသည်။ ၂ဝဝ၈-ခုနှစ်၊ မေလ (၂/၃)ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ပြိုလဲသွား သော ညောင်ပင်ကြီးနေရာတွင် (ဂြိုလ်ပြေ နံပြေ) နေရာအသစ် ပြုပြင်၍ မွမ်းမံ တည်ဆောက်ထားရှိပါသည်။ စေတီတော်အောက်ခြေပတ်လည်တွင် ဂြိုလ်တိုင်များ၊ ရုပ်ပွား ဆင်းတုတော်များ၊ ထီးတော်များ ပြုလုပ်ထားရှိပါသည်။

တံခွန်တိုင်
 

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ကြီး၏ အရှေ့ဘက် ဒီပင်္ကရာမြတ်စွာဘုရား မုခ်ဦးစောင်း တန်း အနီးတွင် တံခွန်တိုင်ရှိပါသည်။

သိကြားမင်းပန်းခြံ
 

မြတ်စွာဘုရားရှင်အား ရေပူရေချမ်း သောက်တော်ရေ သုံးဆောင်တော်ရေ ဆက်ကပ်ပူဇော်နေသည့် အဓိပ္ပါယ်ဆောင်သော သိကြားမင်းက ငွေခရုဖြင့် ရေသွန်းလောင်းနေဟန် ရုပ်တုတည်ရှိသည့် ရေပန်းများဖြာထွက်နေသော ရေကန်ငယ်တစ်ခုနှင့် ပန်းပေါင်စုံတို့ ဖူးပွင့်ဝေဆာနေသည့် အချင်းဝက် (၇၈)ပေ ရှိသော ပန်းဥယျာဉ်ငယ်တစ်ခု သာယာကြည်နူးရှု့ချင်စဖွယ် ပြုလုပ်ထားသည့် သကြားမင်းပန်းခြံ ကို ကမ္ဘာအေးဘုရားလမ်းမကြီးနှင့်ကပ်လျက် ကမ္ဘာအေးဘုရားဝင်းသို့ အဝင်ဂိတ် နှင့် အထွက်ဂိတ်နှစ်ခုအကြား ကမ္ဘာအေးစေတီတော် အရှေ့ဘက်စောင်းတန်းထိပ်တွင် ထားရှိပါ သည်။