ဗုဒ္ဓဝင်ပြခန်း နှင့် ပါဒစေတီ

မှတ်တမ်းဓာတ်ပုံများ

ဗုဒ္ဓဝင်ပြခန်း

စေတီတော်မြတ်ကြီး၏ အင်္ဂါထောင့်အရပ်တွင် မဟာဗုဒ္ဓဝင်ပြတိုက်ကြီး တည်ရှိပြီး ၁၃၄၂- ခုနှစ်၊ တပေါင်းလပြည့်ကျော် (၆)ရက် (၂၃-၆-၁၉၈၁)ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ဗုဒ္ဓဝင်ပြတိုက်အတွင်းတွင် မြတ်စွာဘုရားသည် (၇)ဝါမြောက်တွင် တာဝတိံသာနတ်ပြည်သို့ကြွ၍ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုတိတ နတ်သားကို ကျေးဇူးဆပ်သောအားဖြင့် ဝါတွင်း (၃)လပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားအပြီး ဝါကျွတ်သောအခါ တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ မြတ်စွာဘုရား ဆင်းသက်တော်မူလာပုံကို ရောင်စုံ မီးလုံးများ၊ ရုပ်လုံး ရုပ်ကြွများ၊ မြန်မာ့ရိုးရာပန်းချီ ရုပ်ကြွများဖြင့် လှပတင့်တယ်စွာပြသထားသည် ကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရှိ လေ့လာနိုင်ကြပါသည်။ ပြခန်းကြီး ပတ်လည်တွင် မြတ်စွာဘုရား အလောင်းတော် သုမေဓာရှင်ရသေ့နှင့် သုမိတ္တာ ယက္ကန်းသည်မလေးတို့ ဗျာဒိတ်ခံယူနေကြပုံမှစ၍ ပရိနိဗ္ဗာန်စံဝင်တော်မူသည်အထိ ဗုဒ္ဓဝင် အစ အဆုံး အကျဉ်းချုံး၍ လည်းကောင်း၊ ပထမသံဃာယနာတင် သည်မှ ဆဋ္ဌသံဃာယနာတင်ခဲ့ပုံအထိ သံဃာယနာခြောက်တန်တင်ခဲ့ပုံကိုလည်းကောင်း ပန်းချီ၊ ပန်းပု၊ ရုပ်လုံးကြွများဖြင့် ခမ်းနားတင့်တယ် ရှုချင်စဖွယ် သရုပ်ဖော်ပြသထား သည်ကို လေ့လာကြည်ညိုနိုင်ကြပါသည်။

ပါဒစေတီ မြတ်စွာဘုရားရှင်၏ (၁၀၈)ကွက် စက္ခဏာတော်နှင့်ပန်းချီကားချပ်ကြီးများ

ဗုဒ္ဓဝင်ပြတိုက်၏ရှေ့ဘက် မျက်နှာစာတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှ ထွက်ရှိ သော စကျင်ကျောက်ပြားကြီးဖြင့် မြတ်စွာဘုရားရှင်၏ (၁၀၈)ကွက်စက်လက္ခဏာတို့နှင့် ပြည့်စုံသော မြတ်စွာဘုရား၏ ပါဒစေတီ (ခြေရာတော်) ကိုမြန်မာ့ကျောက်ဆစ်ပညာဖြင့် ပြောင်မြောက်စွာ ထွင်းထုထားသော ပါဒစေတီတော်ကို ဖူးတွေ့ကြည်ညိုနိုင်ကြပါသည်။ ထိုပါဒစေတီတော်နောက်ကျောဘက်ရှိ ဗုဒ္ဓဝင်ပြခန်းနံရံ၌ သံဝေဇနိယလေးဌာနပန်းချီ ကားကြီးများကိုတွေ့ရှိနိုင်ကြပါသည်။

၁။ သုမေဓါသုမိတ္တာတို့ ဗျာဒိတ်ခံယူနေပုံ

ဤဘဒ္ဒကမ္ဘာမှပြန်၍ရေတွက်သည်ရှိသော် လေးအသင်္ချေကမ္ဘာတစ်သိန်းအထက်၌ အမရဝတီ အမည်ရှိသော နေပြည်တော်သည် ဖြစ်ထွန်းပေါ်ပေါက်ခဲ့၏။ထိုအမရဝတီမြို့၌ သုမေဓါနှင့်သုမိတ္တာ အမည်ရှိသော သူတို့သည် ဒီပင်္ကရာမြတ်စွာဘုရားအထံတော်၌ ဗျာဒိတ်ခံယူပုံကား အရှင်ရသေ့ အရှင်သည် ဘုရားဖြစ်ဖို့ရာပါရမီတော်တို့ကိုဖြည့်ကျင့်နေသမျှကာလအတွင်းအကျွန်ုပ်သည် အရှင်နှင့်အတူတကွညီမျှသော သူတို့ဖြစ်ကြရပါစေကုန်သတည်းဟူ၍ ဆုပန်ခဲ့လေသည်။အလောင်းတော်သုမေဓာရှင်ရသေ့သည် သုမိတ္တာပုဏ္ဏေပျိုမှပေးအပ်သော ကြာလက်ငါးလက်တို့ကိုခံယူ၍မျက်မှောက်တူရူကြွလာတော်မူသော ဒီပင်္ကရာမြတ်စွာဘုရားကို ပရိသတ်တို့၏အလယ်၌ပင်သမ္မာသမ္ဗောဓိဉာဏ်ဆုပန်ကြည်ဖြူပူဇော်ခဲ့လေသည်။ ဤကမ္ဘာမှနောက်လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းလွန်မြောက်သောအခါဂေါတမမြတ်စွာဘုရားဖြစ်လိမ့်မည်ဟုပိုင်းခြားကုန်စင်သိမြင်တော်မူ၍ရပ်တော်မူလျက်ပင်ပရိသတ်အလယ်၌ ကိုးဂါထာတို့ဖြင့်ဗျာဒိတ်စကားကြားတော်မူခဲ့သည်။

၂။ လုမ္ဗိနီဥယျာဉ်၌ ဘုရားလောင်းဖွားမြင်တော်မူပုံ

ကပ္ပိလဝတ်နေပြည်တော်နှင့်ဒေဝဒဟပြည် နှစ်ပြည်ထောင်တို့၏ အကြား၌ လူအများတို့ အသုံးပြုခြင်းငှာ ထိုက်သော လုမ္ဗိနီအမည်ရှိသော အင်ကြင်းတောသည်ရှိ၏။ ထိုအင်ကြင်းတော၌ မဟာမာယာဒေဝီ မိဖုရားကြီးသည် မင်္ဂလာအင်ကြင်းခတ်ကို လက်ယာတော်ဖြင့် ကိုင်စွဲလျက်တင့်တယ်စွာ ရပ်တည်စဉ်ခဏ၌ မဟာသက္ကရာဇ်(၆၈)ခု၊ ဥတုဂိမှာနလ ကဆုန်လပြည်သောကြာနေ့ ဝိသာခါနက္ခတ်နှင့်ယှဉ်သောအခါ မြတ်စွာဘုရားအလောင်းတော်သည် မယ်တော်မဟာမာယာဒေဝီ၏ စေတီအိမ်ပမာဝမ်းကြာတိုက်မှ ကောင်းစွာသန့်စင်မီးရှူးဖွားမြင်တော်မူ၏။

၃။ တောထွက်ခါနီး၌ ယသော်ဓရာ၏ နန်းတော်သို့ ကြွ၍ သားတော်ကိုရှု့စားတော်မူပုံ

ဘုရားလောင်းတော်သည် တံခါးခုံ၌ ခြေတော်ကိုချ၍ ရပ်တည်လျက်ပင် ကြည့်ရှု့တော်မူကာ ငါသည်မိဖုရား၏ လက်ကိုဖယ်၍ ငါ၏သားတော်ကို အကယ်၍ ပွေ့ပိုက်ချီယူလိုက်သည်ဖြစ်အံ့ ယင်းသို့ ချီယူလိုက်လျှင် ယသော်ဓရာမိဖုရား နိုးလာလိမ့်မည်၊ ဤသို့ယသော်ဓရာမိဖုရားနိုးခဲ့လျှင် ယခုပင် တောထွက်တော့ မည်ဖြစ်သော ငါ့အား တောထွက်ခြင်း၏ အန္တရာယ်ဖြစ်ပေလိမ့်မည်။ ရှိစေဦးတော့ ယခု သားတော်ကို ငါမကြည့်သေး ဘုရားဖြစ်ပြီးမှသာ လာရောက်၍ သားတော်ကို ကြည့်တော့မည်ဟု ကြံစည်ကာ ရွှေနန်းပြာသာဒ်ထက်မှ ဆင်းသက်ခဲ့ပြီးလျှင် ကဏ္ဍက မြင်းတော်၏ အနီးသို့ သွားရောက်တော်မူခဲ့ပါသည်။

၄။ ဘုရားအလောင်းမြို့တော်မှ မထွက်ခွါမီမာရ်နတ်တားနေပုံ

လုံ့လကြီးမား အို အလောင်းတော်မင်းသား၊ တောထွက်၍သာ ရဟန်းမပြုပါနှင့်၊ အကြောင်းအရင်းကဤနေ့မှခုနှစ်ရက်မြောက်ရောက်လက်သောနေ့၌ သင်လုံ့လကြီးမား အလောင်းတော်မင်းသားအတွက် နတ်၌ဖြစ်သော အာနုဘော်နှင့်ယှဉ်သော စကြာရတနာသည် မချို့ ဧကန်အမှန်စင်စစ် ထင်ရှားမျက်မှောက် ဆိုက်ရောက်ပါလိမ့်မည်ဟု ဟန့်တား၏။

၅။ ဘုရားဖြစ်တော်မူခါနီး၌ မာရ်နတ်လာ၍ ဖျက်ဆီးနေပုံ

အို သိဒ္ဓတ္ထမင်းသား ယခုပင်လျှင် ရတနာပလ္လင်မှ ထပါလောဟုပြောဆိုကာ မာရ်နတ်နှင့်မာရ်နတ်စစ်သည်ပရိသတ်တို့က များစွာသောကြောက်မတ်ဖွယ်ရာလက်နက်ကိုးပါးတို့ဖြင့် ပြဆောင်ပြုလုပ်ကြကုန်၏။ ဘုရားလောင်းတော်သည် မာရ်နတ်နှင့်တကွ မာရ်စစ်သည်တို့ပြုလုပ်သမျှသောဖောက်ပြန်ပြစ်မှားမှုအားလုံးကိုမေတ္တာအစွမ်းဖြင့်ပယ်ရှားဟန့်တားတော်မူ၏။

၆။ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားဟောတော်မူပုံ

ထိုအခါ မြတ်စွာဘုရားသည် အစဉ်သဖြင့် ဒေသစာရီကြွချီတော်မူလတ်သော မဟာသက္ကရာဇ်(၁၀၃)ခု၊ဝါဆိုလပြည့်၊ စနေနေ့ ညနေချမ်းအချိန်၌ ဗာရာဏသီပြည် ဣသည့်ပဓာန မိဂါဝုန်တော ပဉ္စဝဂ္ဂီငါးဦး တို့အထံ ဆိုက်ရောက်တော်မူ၍ ပဉ္စဝဂ္ဂီငါးဦးတို့နှင့်စကြာဝဠာတိုက်တစ်သောင်းမှနတ်ဗြဟ္မာအပေါင်းတို့အားတရားဦးဓမ္မစကြာကို ဟောကြားတော်မူ၏။

၇။ မြတ်စွာဘုရားသည် ရှင်သာရိပုတ္တရာနှင့်ရှင်မဟာမောဂ္ဂလာန်တို့အား လက်ယာတော်ရံ၊လက်ဝဲတော်ရံ အဂ္ဂသာဝကကြီးနှစ်ပါးအဖြစ် ချီးမြှင့်တော်မူပုံ

ဤအင်္ဂါလေးပါးနှင့်ပြည့်စုံသောသာဝကသန္နိပါတ သာဝကအစည်းအဝေးကြီးကို တပို့တွဲလပြည့်နေ့တွင် ပြုလုပ်တော်မူပြီးလျှင် အရှင်သာရိပုတ္တရာမထေရ်နှင့်အရှင်မဟာမောဂ္ဂလာန်မထေရ်ကြီးနှစ်ပါးတို့အား အဂ္ဂသာဝက၊ မဟာသာဝကရာထူးကိုအပ်နှင်းပေးသနားတော်မူ၍ ထိုနေ့မှာပင် ဘုရားတကာ မစွန့်ရာဖြစ်သော ဩဝါဒပါတိမောက်ကို ပြတော်မူလေသည်။

၈။ မြတ်စွာဘုရားသည် အဘိဓမ္မာတရားကို တာဝတိံသာ နတ်ပြည်၌ နတ်ဗြမ္မာတို့အား၄င်း၊ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား၎င်း၊ အရှင်သာရိပုတ္တရာကတပည့်ရဟန်း(၅ဝဝ)ကို ဟောကြားတော်မူပုံ

ဘုရားဖြစ်တော်မူ၍ ခုနှစ်ဝါမြောက်သောကာလ သာဝတ္ထိပြည်အနီး ကဏ္ဍအမည်ရှိသော ဥယျာဉ်စောင့်သည်စိုက်အပ်သောသရက်ပင်၏အရင်း၌တိတ္ထိတို့ကို နှိမ်နင်းခြင်းငှာ ရေမီးအစုံစုံ အစရှိသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသောအဆုံး၌ သုံးဖဝါးသာနင်းသဖြင့် သာဝတိံသာနတ်ပြည်သို့ ကြွတော်မူ၍ ပင်လယ်ကသစ်ပင်၏အရင်းခင်းထားအပ်သော ပဏ္ဍုကမ္ဗလာကျောက်နေရာထက်၌ နေမင်းကဲ့သို့တင့်တယ်စွာနေတော်မူလျက်၊ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတနတ်သားကို အကြီးမှူးပြု၍ တစ်သောင်းသောစကြာဝဠာတိုက်မှ တညီတညွှတ်တည်း စည်းဝေးလာကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား အစွမ်းသုံးပါးနှင့်ပြည့်စုံသော သဗ္ဗညုတဉာဏ်တော်ဖြင့် လူ၊နတ်နိဗ္ဗာန် သုံးတန်ချမ်းသာပေးတတ်စွာသော အဘိဓမ္မာဒေသနာမြတ်ကိုဝါတွင်းသုံးလပတ်လုံး ဟောတော်မူ၏။ ထိုဝါတွင်း သုံးလပတ်လုံး သာဝတိံတာနတ်ပြည်၌ ဟောတော် မူအပ်သော ဒေသနာတော်သည်အလွန်ကျယ်လွန်းသောကြောင့် ဝိတ္ထရနယမည်၏။ စန္ဒကူးတော၌ နေတော်မူသောအခါအရှင်သာရိပုတ္တရာဟောတော်မူအပ်သော ဒေသနာတော်သည် အလွန်ကျဉ်းလွန်းသောကြောင့်သင်္ခေပနယမည်၏။အရှင်သာရိပုတ္တရာသည်လင်းနို့သားဖြစ်ခဲ့ဖူးသော ငါးရာသောရဟန်းတို့အား ဟောတော်မူအပ်သော ဒေသနာတော်သည် မကျဉ်းမကျယ်လွန်းသောကြောင့် နာတိဝိတ္ထာရ နာတိသင်္ခေပနယမည်၏။

၉။ ရှင်မဟာမောဂ္ဂလာန်သည် နတ်ပြည်သို့၎င်း၊ ငရဲပြည်သို့၎င်း၊ ဒေသစာရီကြွချီ၍ မြတ်စွာဘုရားအားကုသိုလ်၊ အကုသိုလ်အကျိုးအပြစ်များ မြင်ခဲ့သည်ကို လျှောက်ထားပုံ

ရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်သည်ကား တန်ခိုးအရာ၌ အထွဋ်အထိတ် ရောက်တော်မူသည်ဖြစ်ရာကား နတ်ပြည်လောကနှင့်ဥဿဒငရဲပြည်လောကသို့ တစ်ခါတလေ ဒေသစာရီကြွချီတော်မူကားနတ်ပြည်၌ မြတ်စွာဘုရားရှင်၏ တပည့်သားသာဝကတို့၏ ကြီးပွားသောစည်းစိမ်ခံစားနေရပုံကို၎င်း၊ ဥဿဒငရဲတို့၌ တိတ္ထိတပည့်များ၏ ကြီးစွာသောဆင်းရဲဒုက္ခခံစားရပုံကို၎င်း၊ ကိုယ်တိုင်မြင်တော်မူပြီးလျှင် လူ့ပြည်သို့ ပြန်ကြွ၍ မြတ်စွာဘုရားအား ကုသိုလ်၊ အကုသိုလ်တို့၏ အကျိုးအပြစ်များ မြင်ခဲ့သည်ကို လျှောက်ထား၏။

၁၀။ အာဠာဝကနတ်ဘီလူးသည် ဘုရားရှင်အား ကြုံးဝါးနေပုံ

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အာဠာဝကဘီလူး၏ဗိမာန်၌ နေတော်မူ၏။ ထိုအခါအာဠာဝကဘီလူးသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားအား ရဟန်းထွက်လော့ဟု ဤစကားကိုဆို၏။ ဘီလူး ကောင်းပြီဟု မြတ်စွာဘုရားသည် ထွက်တော်မူ၏။ ရဟန်းဝင်လော့ဟုဆို၏။ ဘီလူး ကောင်းပြီဟု မြတ်စွာဘုရားသည် ဝင်တော်မူ၏။ ဤနည်းအတိုင်း သုံးကြိမ်တိုင်တိုင် ထွက်လော့၊ ဝင်လော့ဟု အာဠာဝကဘီလူးက ကြုံးဝါး၏။ မြတ်စွာဘုရားသည် သုံးကြိမ်တိုင်တိုင် ထွက်ချီဝင်ချီပြုတော်မူ၏။ လေးကြိမ်မြောက်ကား အာဠာဝကဘီလူးသည် မြတ်စွာဘုရားအား ရဟန်းထွက်လော့ဟု ဤစကားကို ဆို၏။ ဘီလူး ငါသည် မထွက်တော့အံ့။ သင့်အားပြဖွယ်ကိစ္စရှိအံ့။ ပြုဖွယ်ကိစ္စကိုသာပြုလော့ဟု မိန့်တော်မူ၏။

၁၁။ မြတ်စွာဘုရားက နာဠာဂီရိဆင်မင်းကို အောင်တော်မူပုံ

နာဠာဂီရိဆင်ကြမ်းကြီးသည် မြတ်စွာဘုရား၏ ချိုမြိတ်လှစွာသော စကားကိုကြားရလျှင်ပင် မျက်စိနှစ်ဖက်လင်းလင်းပွင့်၍ မြတ်စွာဘုရား၏ ရူပါကာယအသရေတော်ကို ဖူးမြှော်ရ၍ ထိတ်လန့် သံဝေဂရရှိကာ ဘုရားရှင်၏ တန်ခိုးတေဇောအာနုဘော်ကြောင့် အရက်မူးကင်းပျောက်ပြီးလျှင် နှာမောင်းကို အောက်သို့ တွဲလျားချလျက် နားနှစ်ဖက်တို့ကို တဖျက်ဖျက်လှုပ်ခတ်ကာ မြတ်စွာဘုရားရှင်ထံသို့လာရောက်၍ ခြေတော်ရင်း၌ ဝပ်ဆင်းကာ မေတ္တာဓာတ်ဖြင့် အောင်တော်မူ၏။ (နာဠာဂီရိဆင်သည် ဓါနပါလဆင်ဟူ၍ အမည်တွင်လေတော့သည်။)

၁၂။ အင်္ဂုလိမာလတောတွင်းလူဆိုးကြီးအား ဘုရားရှင် ချွတ်တော်မူပုံ

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ထိုအင်္ဂုလိမာလအား သဗ္ဗညုတဉာဏ်ကွန်ယက်၌ ပေါ်တော်မူရာ ထိုအင်္ဂုလိမာလအား ခြေချွတ်ရန် မြတ်စွာဘုရားသည် ယူဇနာ(၃၀)ရှိသောခရီးသို့ တမူးဟုတ်အတွင်း ကြွတော်မူ၏။ ထိုအခါ အင်္ဂုလိမာလသည် မြတ်စွာဘုရားကို မြင်တော်မူသောအခါ အစွမ်းကုန်လိုက်သော်လည်း မမှီနိုင်ဟု အကြံဖြစ်လေ၏။ ရပ်လျက်သာလျှင် မြတ်စွာဘုရားကို ရပ်လောဟု ပြောဆို၏။ အင်္ဂုလိမာလငါသည် ရပ်နေ၏ သင်သာ ရပ်လောဟု မိန့်တော်မူ၏။ ထိုအခါ အင်္ဂုလိမာလက သာကီဝင်မင်းသား ဖြစ်ကြကုန်သော် ဤရဟန်းတို့သည် မှန်သည်ကိုသာဆိုလေ့ရှိကြကုန်၏။ မှန်သည်ကိုသာ ဝန်ခံလေ့ရှိကြကုန်၏။ သို့ဖြစ်ပါလျက် ဤရဟန်းသည် သွားလျက်သာလျှင် အင်္ဂုလိမာလ ငါသည် ရပ်နေ၏။သင်သာ ရပ်လောဟု ဆိုပြီး၏။ ငါသည် ဤရဟန်းကို မေးရပါမူ ကောင်းလေရာ၏ဟု အကြံဖြစ်၏။ ဤသို့ လျှောက်ထားပြီးလျှင် အင်္ဂုလိမာလသည် သန်လျက်ကို၎င်း၊ လေးကို၎င်း ချောက်ကမ်းပါးသို့လွှင့်ပစ်ပြီး မြတ်စွာဘုရားခြေတော်တို့ကို ရှိခိုးကာ ထိုအရပ်၌ပင် မြတ်စွာဘုရားရှင်အား ရဟန်းအဖြစ်ကို တောင်းပါလေတော့သတည်း။

၁၃။ စိဉ္စမာနဝိကာပရိဗ္ဗိုဇ်ပကလေး ဘုရားရှင်ကို စွပ်စွဲနေပုံ

ဤရှေးရှေးသော နည်းပရိယာယ်တို့ဖြင့် ရှစ်လကိုးလလွန်သောအခါ၌ စိဉ္စမာနသည် တစ်ကယ်ကိုယ်ဝန်အရင့်အမာပုံစံ ဘဲဥထက်ချမ်းပုံသစ်သားဝန်းကို ရင်ဘက်၌ ဖွဲ့ချည်ပြီးလျှင် ထိုဤအထက်၌နီမြန်းသောအဝတ်ကို ဝတ်ရုံကာ လက်ဖမိုး၊ ခြေဖမိုးတို့ကို နွားမေးရိုးဖြင့် ထုနှက်၍ ခြေ၊လက်များအမ်းနေသည့်အဟန် တူစွာဖန်ပြီးလျှင် မျက်စိ၊နား၊နှာဣန္ဒြေများ ပင်ပန်းနွမ်းနေသည့်အဟန်ဖြင့် ညနေချမ်းအခါဝယ် မြတ်စွာဘုရားရှင် ဗုဒ္ဓါသနဓမ္မပလ္လင်၌ ထိုင်တော်မူကာ ပရိသတ်လေးပါးအား တရားဟောနေတော်မူစဉ် တရားသဘင် ဆင်ယင်ကျင်းပရာနေရာသို့ သွားရောက်ပြီးလျှင် မြတ်စွာဘုရားရှင်၏ ရှေ့တည့်တည့်မှရပ်၍ ရဟန်းကြီး သင်သည် လူအများအပေါင်းအား တရားဟောကာနေသည့်၏ ကျွန်တော်မမှာတော့ သင်ရဟန်းကြီးကိုစွဲ၍ ကိုယ်ဝန်ရရှိကာ ယခုအခါ ရင့်ကျက်သော ကိုယ်ဝန်ရှိလေ ပြီဟု ဘုရားရှင်ကို စွပ်စွဲ၏။

၁၄။ အယူဝါဒပြိုင်လာသော သစ္စကပရိဗ္ဗိုဇ်ကို ဘုရားရှင်ချွတ်တော်မူပုံ

မြတ်စွာဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တော ကူဋာဂါရသာလာ ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် အယူဝါဒပြိုင် သစ္စကပရိဗိုဇ်ကို ဆုံးမနှိမ်နင်းတော်မူ၍ အောင်ပွဲသဘင်ခံတော် မူလေသည်။

၁၅။ နန္ဒောပနန္ဒနဂါးမင်းကို အရှင်မဟာမောဂ္ဂလာန် ဆုံးမတော်မူပုံ

အခါတစ်ပါး၌ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာပြီး ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား နံနက်ဖြန်အခါ၌ ရဟန်း(၅၀၀)တို့နှင့်အတူတကွ တပည့်တော်တို့၏အိမ်၌ ဆွမ်းအလှူခံကြွတော်မူပါဟု ဖိတ်ကြားတော်မူ၍ အိမ်သို့ ပြန်လေ၏။ နောက်နေ့သို့ ရောက်သောအခါ အနာထပိဏ်သူဌေးသည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အဘယ့်ကြောင့် အလွန်ကြီးနေမြင့်မှ ကြွလာတော်မူပါသနည်းဟု လျှောက်ထားမေးမြန်းလေသော် မြတ်စွာဘုရားရှင်က ဒါယိကာသူဌေး ယနေ့ မောက်ဂ္ဂလာန်နှင့် နန္ဒောပနန္ဒနဂါးမင်းတို့၏ သူရှုံး၊ ငါနိုင် အပြိုင်ဆင်နွှဲ စစ်တိုက်ပွဲကြီးဖြစ်ခဲ့လေသည်။ ထို့ကြောင့် နေမြင့်မှ ငါဘုရားတို့ ကြွလာကြကုန်၏ ဟူ၍မိန့်တော်မူ၏။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အဘယ်သူ၏ အောင်ခြင်းဖြစ်၍ အဘယ်သူ၏ ရှုံးခြင်းဖြစ်ပါသနည်းဟု အနာထပိဏ်သူဌေးက လျှောက်ထားသောအခါ မြတ်စွာဘုရားသည် ဒါယိကာသူဌေး မောဂ္ဂလာန်၏ အောင်ခြင်းဖြစ်၍ နန္ဒ၏ ရှုံးခြင်းဖြစ်လေသည်ဟု မိန့်တော်မူလေ၏။

၁၆။ မိစ္ဆာအယူရှိသော ဗကဗြဟ္မာမင်းကို ဘုရားရှင်ချွတ်တော်မူပုံ

မြတ်စွာဘုရားရှင်သည်က ထိုဗကဗြဟ္မာကြီးထက် အပြန်အရာ၊ အပြန်အထောင်၊ အပြန်အသိမ်းအားဖြင့်လွန်ကဲမြင့်မြတ်သည့် ဝါဒရှင်ဖြစ်တော်မူသောကြောင့် ငါဘုရားသည် အလုံးစုံကိုလည်း ဟောဆိုနိုင်သည်သာ အလုံးစုံ၏ အလုံးစုံ သဘောအားဖြင့် မရောက်ရာ နိဗ္ဗာန်တရားကိုလည်း ဟောဆိုနိုင်သည်သာ ဖြစ်သည်။ သင်သည် နားထောင်လောဟု ထိုဗကဗြဟ္မာ၏ အလွဲလွဲအမှားမှား မုသာဝါဒဖြင့် အပြစ်တင်ချက်များကို ပယ်ဖျက်ချိုးနှိမ်တော်မူရာအကြောင်းကို ထုတ်ဆောင် ဟောပြလေတော့သတည်း။

၁၇။ မြတ်စွာဘုရားသည် ကုသိနာရုံပြည်-မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူပုံ

ထိုအခါ မြတ်စွာဘုရားသည် များစွာသောရဟန်းသံဃာနှင့်အတူ ဟိရညဝတီမြစ်၏ ထိုမှာဘက်ကမ်းကုသိနာရုံပြည်-မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်သို့ ချဉ်းကပ်ပြီးလျှင် အာနန္ဒာအင်ကြင်းပင်အစုံတို့၏အကြား၌ မြောက်အရပ်သို့ ဦးခေါင်းပြုကာ ညောင်စောင်းကိုခင်းလော့။ အာနန္ဒာ ငါပင်ပန်း၏လျောက်စပ်အံ့ဟု အရှင်အာနန္ဒာအား မိန့်တော်မူ၏။ ထိုအင်ကြင်းဥယျာဉ်အတွင်း အင်ကြင်းပင်ပျိုအစုံတို့၏ အကြား၌ မဟာသက္ကရာဇ် ကဆုန်လပြည် အင်္ဂါနေ့ မိုးသောက်အခါဝယ် မြတ်စွာဘုရားသခင် အနုပါဒိသေသပရိနိဗ္ဗာန်စံဝင်တော်မူလေသည်။

၁၈။ရှစ်ပြည်ထောင်မင်းတို့အား ဒေါနပါမောက္ခကြီး ဓါတ်တော်ဝေနေပုံ

ထိုပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် မြတ်စွာဘုရားရှင်၏ ဥတုဇရုပ်ကလပ်တော်ကို နံ့သာပန်းစသည်တို့ဖြင့် သာဓုကီဠာနသတ္တာဟ၊ စိတကသတ္တာဟ၊ ဓာတုပူဇာသတ္တာဟ ဟူ၍ ခုနှစ်ရက်သုံးလီ လွန်မြောက်သော နယုန်လဆန်း(၅)ရက်နေ့သို့ရောက်သောအခါ ဒေါနပုဏ္ဏားကြီးသည်ရှစ်ပြည်ထောင်မင်းတို့အား ဓာတ်တော်ဝေပွဲကြီး ကျင်းပကြလေသည်။

၁၉။ မဟာသက္ကရာဇ်(၁၄၈)ခုနှစ်၊ ရာဇဂြိုလ်ပြည်တွင် ပဋ္ဌမသင်္ဂါယနာတင်တော်မူပုံ

ပထမသင်္ဂါယနာကို သာသနာတော်နှစ်(၁)နှစ်၊ ၅၄၄-ဘီစီ၊ ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဍိလိုဏ်ဂူတော်၌ အရှင်မဟာကဿ၊ အရှင်ဦးပါလိ၊ အရှင်အာနန္ဒာတို့ အမှူးပြုသော ရဟန္တာမထေရ်(၅၀၀)တို့က ပထမသင်္ဂါယနာ တင်ခဲ့ကြပါသည်။ ထိုသို့တင်ရာတွင် ရာဇဂြိုလ်ပြည် အဇာတသတ်မင်းနှင့် ပြည်သူပြည်သားတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြပါသည်။ ဝါခေါင်လပြည့်ကျော် (၁)ရက်နေ့မှစ၍ သင်္ဂါယနာတင်ကြရာ ပြီးဆုံးသည်အထိ (၇)လကြာ နှုတ်တက်ရွတ်ဆို သင်္ဂါယနာတင်ကြပါသည်။

၂၀။ သာသနာသက္ကရာဇ်(၁၀၀)ခုနှစ်-ဝေသာလီပြည်တွင် ဒုတိယသင်္ဂါယနာတင်တော်မူပုံ

ဒုတိယသင်္ဂါယနာကို သာသနာတော်နှစ်(၁၀၀)၊ ၄၄၃-ဘီစီတွင် ဝေသာလီပြည်အရှင် သဗ္ဗကာမိ၊ အရှင်ရေဝတ၊ အရှင်ယသအမှူးပြုသော ရဟန္တာမထေရ် (၇၀၀)တို့သည် ဒုတိယအကြိမ်မြောက် သင်္ဂါယနာတင်ခဲ့ကြပါသည်။ ထိုသို့တင်ရာတွင် ဝေသာလီပြည် ကာလာသောကမင်းနှင့်တိုင်းသူပြည်သား တို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြပါသည်။ အချိန်ကာလ(၈)လတိတိ ကြာမြင့်ခဲ့ပါသည်။

၂၁။ သာသနာသက္ကရာဇ်(၂၃၅)ခုနှစ်-ပါဋလိပုတ်ပြည်တွင် တတိယသင်္ဂါယနာတင်တော်မူပုံ

တတိယသင်္ဂါယနာကို သာသနာတော်နှစ်(၂၃၅)နှစ်၊ ၂၅၈-ဘီစီတွင် ပါဋလိပုတ်ပြည် အာသောကာရုံကျောင်းတိုက်၌ တတိယသင်္ဂါယနာတင်ခဲ့ပါသည်။ ထိုသို့တင်ရာတွင် အရှင်မောဂ္ဂလိပုတ္တတိဿ၊ အရှင်မဇ္ဈန္တိက၊ အရှင်မဟာဒေဝအမှူးပြုသော ရဟန္တာ(၁၀၀၀)တို့က တတိယအကြိမ်မြောက် သင်္ဂါယနာတင်ခဲ့ကြပါသည်။ ထိုသို့တင်ရာတွင် ပါဋလိပုတ်ပြည်၊ သီရိဓမ္မာသောကမင်းနှင့် တိုင်းသူပြည်သားတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြပါသည်။ အချိန်ကာလ(၉)လတိတိ ကြာမြင့်ခဲ့ပါသည်။

၂၂။ ရဟန်းတော်များကို ကိုးတိုင်း၊ ကိုးဌာနသို့ သာသနာပြု စေလွှတ်တော်မူပုံ

အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီး လူဝတ်လဲစေခြင်း၊ သာသနာတော်မှနှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော်ညှိုးနွမ်းနေမှုကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပေသည်။သိရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက်(၉)တိုင်း၊(၉)ဌာန သာသနာပြုအဖွဲ့များ စေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြုလုပ်ငန်းကို ကမ္ဘာအနှံ့ပြုလုပ်ခဲ့ရာ ကမ္ဘာအင်ပါယာတစ်ခုလုံး၏ (၅)ပုံ(၄)ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ အမှူးပြုသော ရဟန္တာအရှင်သူမြတ်ကြီး(၅)ပါးတို့ ကြွရောက်သာသနာပြုခဲ့ကြပါသည်။

၂၃။ သာသနာသက္ကရာဇ်(၄၅၀)ခုနှစ်တွင် သီဟိုဠ်ကျွန်းတွင် စတုတ္ထပေထက် အက္ခရာသင်္ဂါယနာတင်နေပုံ

စတုတ္ထသင်္ဂါယနာကို သာသနာတော်နှစ်(၄၅၀)၊ ၄၉-ဘီစီတွင် သီရိလင်္ကာနိုင်ငံ (လင်္ကာဒီပသီဟိုဠ်ကျွန်း)တွင် အရှင်မဟာဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာမထေရ်(၅ဝဝ)တို့က မလယဇနပုဒ်၌ ပေရွက်ပေါ်တွင် စတုတ္ထအကြိမ်မြောက် သင်္ဂါယနာတင်ခဲ့ကြပါသည်။ ထိုသို့တင်ရာတွင် မလယဇနပုဒ်အကြီးအကဲများ နှင့်ဇနပုဒ်သူ၊ဇနပုဒ်သားတို့ကလည်း အဘက်ဘက်မှကူညီပံ့ပိုးပေးခဲ့ကြပါသည်။ အချိန်ကာလ(၁)နှစ်တိတိ ကြာမြင့်ခဲ့ပါသည်။ (ပေထက်အက္ခရာတင်ခဲ့ရာ)

၂၄။ သာသနာသက္ကရာဇ်(၂၄၁၅)ခုနှစ်–မြန်မာပြည်တွင် ပဉ္စမကျောက်ထက်အက္ခရာတင်တော်မူနေပုံ

ပဉ္စမသင်္ဂါယနာကို သာသနာတော်နှစ်(၂၄၁၅)၊ ကောဇာသက္ကရာဇ်(၁၂၃၃)၊ တန်ခူးလပြည့် ကျော် (၁၁)ရက်၊ (၁၅-၄-၁၈၇၁) စနေနေ့တွင် မန္တလေးမြို့ ရတနာပုံနေပြည်တော်၌ အရှင်ဇာဂရမထေရ် အမှူးပြုသော ရဟန်း(၂၄၀၀)ပါဝင်သော သံဃာထုသည် ကျောက်ထက်အက္ခရာတင်ခြင်းကို မြန်မာသက္ကရာဇ်(၁၂၂၂) တန်ဆောင်မုန်းလဆန်း(၁)ရက်၊ (၁၄-၁၀-၁၈၆၀)တွင် ကျောက်သားပေါ်တွင် စတင်ထွင်းထု၍ မြန်မာသက္ကရာဇ်(၁၂၃၀) ကဆုန်လဆန်း(၁၄)ရက်၊ (၄-၅-၁၈၆၈)တွင် ကျောက်ထက်အက္ခရာပြီးစီးပါသည်။ ကျောက်ထက် အက္ခရာတင်ခြင်းအပြီး (၃)နှစ်လွန်သောအခါမှ ပဉ္စမအကြိမ် သင်္ဂါယနာတင်ခဲ့ကြပါသည်။ ထိုသို့ တင်ရာတွင် မင်းတုန်းမင်းနှင့်တိုင်းသူပြည်သားတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုး ပေးခဲ့ကြပါသည်။ အချိန်ကာလ ကျောက်ထက်အက္ခရာတင်ပြီးနောက် နှုတ်ဖြင့်ရွတ်ဆို၍ သင်္ဂါယနာ တင်ခဲ့ကြရာ(၅)လ၊ (၃)ရက်တွင် ပြီးစီး အောင်မြင်ခဲ့ပါသည်။

၂၅။ အရှင်သာရိပုတ္တရာနှင့်အရှင်မဟာမောဂ္ဂလာန်တို့၏ ဓါတ်တော်မြတ်များကို သီရိမင်္ဂလာကမ္ဘာအေးစေတီတော်သို့ ပင့်ဆောင်တော်မူလာပုံ

မြတ်စွာဘုရား၏သာသနာတော်တွင် ပညာအရာအထူးချွန်ဆုံး၊ အမြတ်ဆုံး ရဟန္တာအရှင် မြတ်တစ်ပါးနှင့် တန်ခိုးတော်အရာတွင် အထူးချွန်ဆုံး၊ အမြတ်ဆုံး ရဟန္တာအရှင်မြတ်တစ်ပါး ဟူ၍ ရဟန္တာအရှင်မြတ်နှစ်ပါး ပေါ်ထွန်းခဲ့ပါသည်။ ထို ရဟန္တာအရှင်မြတ်နှစ်ပါး သရီရဓါတ်တော်များကို သီရိဓမ္မာ‌သောကမင်းကြီးလက်ထက် အဝန္တိတိုင်း ဥဇ္ဇေနီပြည်(ယခု အိန္ဒိယနိုင်ငံ၊ဘိုပေါလ်ပြည်နယ်) ဝေဒိသာတောင်ရံရှိ သဉ္ဓိစေတီတော်ကြီးတွင် ဌာပနာခဲ့ရာ ၁၈၅၁-ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၁၂-ခုနှစ်ခန့်က) စေတီဟောင်းကြီးတူးဖော်ရာမှ ကျောက်‌သေတ္တာကြီး နှစ်လုံးနှင့်အတူတွေ့ရှိခဲ့ပါသည်။ ထိုဓါတ်တော်များကို အင်္ဂလန်သို့ယူဆောင်သွားပြီး လန်ဒန်မြို့တော် ဝိတိုရိယပြတိုက် (Victoria Albert Museum) တွင် ထားရှိခဲ့ပါသည်။ အိန္ဒိယပြည် လွတ်လပ်ရေးရ‌သောအခါ ဓါတ်တော်များကို အင်္ဂလိပ်အစိုးရက အိန္ဒိယနိုင်ငံသို့ ပြန်ပေးခဲ့ပြီး ၁၉၅၁-ခုနှစ် ဇန်နဝါရီလအတွင်း အိန္ဒိယအစိုးရနှင့် မဟာဗောဓိအသင်းကြီးက မြန်မာနိုင်ငံပြည်သူများ ဖူးမြော်ကြည်ညိုရန် ခွဲဝေပေးခဲ့ပြီး အဂ္ဂသာဝက ရဟန္တာ အရှင်မြတ်နှစ်ပါး၏ ဓါတ်တော်များသည် မြန်မာနိုင်ငံသို့ ကြွရောက်တော်မူလာ၍ ဤသီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး ဓါတ်တော်တိုက်တွင် ကိန်းဝပ်စံပယ်လျက်ရှိပါသည်။

၂၆။ သာသနာသက္ကရာဇ်(၂၄၉၈)ခုနှစ်၊ မြန်မာနိုင်ငံတွင် ဆဋ္ဌသင်္ဂါယနာ စက်တင်ပုံနှိပ်အက္ခရာတင်နေပုံ

ဆဋ္ဌသင်္ဂါယနာကို သာသနာတော်နှစ်(၂၄၉၈)၊ ခရစ်နှစ်(၁၉၅၄)၊ မြန်မာသက္ကရာဇ်(၁၃၁၆)၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူကြီး၌ ဆဋ္ဌသင်္ဂါယနာတင်ခဲ့ကြပါသည်။ ထိုသို့တင်ရာတွင် ညောင်ရမ်းဆရာတော် ဘဒ္ဒန္တရေဝတ အမှူးပြုသော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ(၅)နိုင်ငံမှ ရဟန်းသံဃာတော် (၂၅၀၀)ဖြစ်ပါသည်။ထိုသို့တင်ရာတွင် မြန်မာနိုင်ငံသမ္မတဒေါက်တာဘဦး ဖွင့်လှစ်၍ ဝန်ကြီးချုပ်ဦးနုက သင်္ဂါယနာတင်ရခြင်းအကြောင်းကို လျှောက်ထားခဲ့သည်။ တက်ရောက်ခဲ့သော နိုင်ငံတကာခေါင်းဆောင်များထိုင်းနိုင်ငံဝန်ကြီးချုပ် ပီဗူလ်ဆွန်ဂရမ်၊ သီရိလင်္ကာဝန်ကြီးချုပ် ဆာဂျွန်ကိုတီလာဝါးလား၊ ကမ္ဘောဒီးယားနိုင်ငံဘုရင် သီဟာနုနှင့် ဝန်ကြီးချုပ် လန်ငက်သ်၊ လာအိုနိုင်ငံ အိမ်ရှေ့မင်းသားစဝန်ဝတ္တနနှင့် ဝန်ကြီးချုပ် ကောင်အဘေး၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယား၊ ထိုင်ဝမ်၊ ရုရှားစသည့် နိုင်ငံများမှ မဟာယနဗုဒ္ဓဘာသာ ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ပါသည်။