တန်ဆောင်မုန်းလ (အောက်တိုဘာ/ နိုဝင်ဘာ)

အသေးစိတ် အချက်အလက်များ

တန်ဆောင်မုန်းလသည် မြန်မာပြက္ခဒိန်၏ အဌမမြောက်လဖြစ်ပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ကျရောက်လေ့ရှိကာ ကထိန်ခင်းခြင်း၊ မသိုးသင်္ကန်းကပ်လှူခြင်း၊ ပုံသကူပစ်ခြင်း၊ ကြာပန်းများ ကပ်လှူခြင်း၊ ဆီမီးထွန်းခြင်း စသည့် ကောင်းမှု ကုသိုလ်တို့ ပြုလုပ်သည့် အချိန်လည်းဖြစ်ပါသည်။ သံဃာတော်များအတွက် ကထိန်(ကထိန) သင်္ကန်းကို ယခုကာလတွင် ကပ်လှူလေ့ရှိကြပြီး အများအားဖြင့် စုပေါင်းကပ်လှူ လေ့ရှိကြ ပါသည်။ သံဃာတော်များက ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မဝါ ရွတ်ဖတ်၍ သင့်တော်သည့် ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရသောကြောင့် သင်္ကန်းအလှူများအားလုံးတွင် ကထိန်သင်္ကန်း ကပ်လှူခြင်း အား အမွန်မြတ်ဆုံးအလှူအဖြစ် သတ်မှတ်လေ့ရှိကြပါသည်။ တန်ဆောင်မုန်း လပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် မဲဇလီဖူးသုပ်စားခြင်းသည် ဆေးဖက်ဝင်သည့် အယူအဆအလေ့အထ တစ်ရပ်လည်းရှိပါသည်။