ဝါဆိုလ (ဇွန်/ ဇူလိုင်)

အသေးစိတ် အချက်အလက်များ

ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်ပြီး နွေအကုန် မိုးအကူးကာလဖြစ်သော ဇွန်လနှင့် ဇူလိုင်လများတွင် ကျရောက်လေ့ရှိသည်။ ဝါဆိုလပြည့်နေ့သည် ထင်ရှားသောနေ့တစ်နေ့ဖြစ်ပြီး ထိုနေ့တွင် ဘုရားအလောင်းတော်သည် မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေတည်တော်မူသောနေ့၊ သိဒ္ဓတ္ထမင်းသားဘဝတွင် နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ သံဝေဂရပြီး တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ရှိပြီး ဓမ္မစကြာတရားဦးကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဟောကြားတော်မူသောနေ့၊ တိတ္ထိသင်းကိုနှိမ်နင်း၍ တန်ခိုးပြဋိကာ ပြတော်မူသောနေ့တို့ဖြစ်ခြင်းကြောင့် ထူးမြတ်သောနေ့တစ်နေ့ ဖြစ် ပါသည်။
ဝါဆိုလ၏ ထူးခြားချက်မှာ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ ရဟန်း၊ သံဃာတို့သည် သုံးလတိုင် မည်သည့်အရပ်ကိုမျှ ညဉ့်အိပ်သွားရောက်ခြင်းမပြုဘဲ စတင်ပြီး ဝါဆိုဝါကပ်ပြုတော်မူသောလ ဖြစ်သည်။
ဝါတွင်းကာလတွင်း ရဟန်းသံဃာတော်များ သင်္ကန်းအတွက် မပူပင်ရခြင်း၊ ပရိယတ် ပဋိပတ်စသည့် ရဟန်းအလုပ်များကို ချမ်းချမ်းသာသာလုပ်နိုင်ခြင်း စသည့်အကျိုးများကို ရည်ရွယ်၍ ဝါဆိုလတွင် ထူးခြားမွန်မြတ်သည့် ကုသိုလ်အဖြစ် ဝါဆိုသင်္ကန်း ကပ်လှူခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာဝင်လူငယ်လူရွယ်တို့သည် ဝါဆိုလတွင် ဖူးပွင့်ကြသည့် ပန်းများဖြင့် ဘုရားစေတီများတွင်သွားရောက်လှူဒါန်းခြင်း၊ မိမိတို့ အိမ်ဘုရားတွင် ကပ်လှူပူဇော်ခြင်း စသည့် ကုသိုလ်ကောင်းမှု များကို ပြုလုပ်လေ့ရှိကြပါသည်။