တပေါင်း (ဖေဖော်ဝါရီ/ မတ်)

အသေးစိတ် အချက်အလက်များ

          တပေါင်းလသည် မြန်မာလများထဲတွင် (၁၂)လမြောက်ဖြစ်ပြီး နှစ်တစ်နှစ်၏ နောက်ဆုံးလလည်း ဖြစ်သည်။ ပုံမှန်အားဖြင့် ဖေဖော်ဝါရီနှင့် မတ်လအတွင်း ကျရောက်လေ့ရှိသည်။ အေးမြသော ဆောင်းရာသီကာလမှ နွေရာသီသို့ကူးပြောင်းသည့် အချိန်ကာလဖြစ်သည်။ ထိုကြောင့် တပေါင်းလသည် ဆောင်းတစ်ဝက် နွေတစ်ဝက်ဖြစ်၍ “နေ့ပူလို့ ညချမ်း၊ တပေါင်းလ လသရမ်း” ဟု ဆိုစမှတ်ပြုကြသည်။ တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ်သဖြင့် သစ်ပင်များရွက်ဟောင်းစွန့်၍ ရွက်သစ်လွန်ကာ အညွန့်အညှောက်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ် လှပသာယာလှပေသည်။ တိမ်သားမိုးခိုးတို့မှာလည်း ကြည်လင်လှပသော ကောင်းကင်တခွင် ရွေ့လျားလျက်ရှိပြီး မြစ်ချောင်းများသည်လည်း ကြည်လင်လှပစွာ ဖြည်းဖြည်းညင်းညင်း စီးဆင်းလေ့ရှိကြသည်။ ထို့ကြောင့် ကဗျာစာဆိုများမှ တပေါင်းလ၏ သာယာလှပပုံကို ဖွဲ့နွဲ့ရေးဆိုလေ့ရှိကြခြင်း ဖြစ်သည်။ တပေါင်းလအတွင်း မြစ်ချောင်းများ ရေစစ်ကာ သဲသောင်ဖြူဖြူလေးများ ပေါ်ထွန်းလာလေ့ရှိသည်။ ရှေးမြန်မာဘုရင်များလက်ထက်တွင် သာယာလှပသည့် ဤရာသီအတွင်း ပေါ်ထွန်းလာလေ့ရှိသည့် သဲသောင်ပြင်များပေါ်သို့ နောက်လိုက်အခြံအရံများနှင့် ကြွချီလေ့ရှိပြီး သောင်ခုံသဲပြင်များပေါ်တွင် သဲပုံစေတီများ တည်ထားလေ့ရှိကြသည်။ သဲပုံစေတီတည်ပွဲတော်သည် တပေါင်းလ၏ အထင်ရှားဆုံး အလေ့အထ တစ်ခုဖြစ် သည်။ သဲသောင်ပြင်များမှ ရရှိသည့် သဲများကို ဝါး သို့မဟုတ် ကြိမ်ဖြင့်ပြုလုပ်ထားသည့် ပုံဖော်ပြီး တံခွန်များ၊ ပန်းများဖြင့်ကပ်လူလေ့ရှိသည်။