ယုံကြည်ပူဇော်မှုဆိုင်ရာ

ယုံကြည်ပူဇော်မှုဆိုင်ရာများ

ဗောဓိညောင်ပင် ၁ဝ ပင် အကြောင်း သိကောင်းစရာ
ဗောဓိညောင်ပင် ၁ဝ ပင် အဓိဋ္ဌာန်ဟာ တကယ် ကောင်းသော တကယ်လုပ်သင့်သော ဆောင်ရွက်ချက် တစ်ခုဖြစ်ပါသည်။ “ဗောဓိညောင်ပင်”သည် မြတ်ဗုဒ္ဓ ၏ ဖွားဖက်တော်လည်း ဖြစ်ပါ၏။ မြတ်ဗုဒ္ဓသည် ဤ ဗောဓိပင်နှင့် ရွှေပလ္လင်တွင် သဗ္ဗညုတဉာဏ်တော်ကြီး ရပြီး သစ္စာလေးပါးကို သိမြင်၍ ဘုရားရှင်အဖြစ်သို့ ရောက်ပြီး မာန်၅ပါးကိုလည်း အောင်မြင်တော်မူရာ ဌာနကြီးဖြစ်ပါ၏။ မြတ်ဗုဒ္ဓ၏ ဖွားဖက်တော်တွေထဲမှာ သက်ရှိထင်ရှား ကျန်ရစ်သော အရာဟာလည်း ဗောဓိပင် တစ်မျိုးသာလျှင် ရှိုပါတော့၏။ အာနန္ဒာ၊ ကာဠုဒါယီ၊ ကဏ္ဍကမြင်း၊ ဆန္ဒအမတ်၊ ယသော်ဓရာမိဖုရား ရွှေကြီးလေးလုံး စသောအရာ ဝတ္ထုတွေဟာ ချုပ်ပျောက် ပျက်စီးသွား၍ မရှိကြတော့ပြီ မဟုတ်ပါလား။
ဒါ့ကြောင့် ဗောဓိပင်ဟာ မသေသော သာသနာ၊ ဖွားဖက်တော်၊ ပရိဘောဂစေတီ ထိုက်သောကြောင့် ယုံကြည်မှုဖြင့် လေးစားပြုသူတိုင်း အကျိုးများပြီး ဘုန်းတန်ခိုးကြီး ကြရပါသည် မဟုတ်ပါလား။
ဝတ္ထုသာဓက ပြောရမယ်ဆိုလျှင် မြတ်ဗုဒ္ဓ ပွင့်တော်မူစဉ် သာဝတ္ထိပြည် ဇေဝတန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တပည့် ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့သည် နေ့စဉ်နေ့တိုင်း ဇေတဝန် ကျောင်းတော်ကြီးသို့ လာဖူးကြပါ၏။
“မြတ်ဗုဒ္ဓ” ဒေသစာရီ ကြွချီတော်မူသော်လည်း လာရောက်ကြသော တပည့် ဒကာ ဒကာမပေါင်း သူတော်ကောင်း ဧည့်ပရိတ်သတ်တွေဟာ ကြက်ပျံမကျ စည်ကားနေပြီး တဖွဲဖွဲ တသဲသဲ ရောက်နေပါ၏။ လာနေကြပါ၏။ လာကြသော ဧည့်ပရိတ်သတ်ပေါင်း တွေမှာ မြတ်ဗုဒ္ဓအား ဖူးမြော်ပြီး ပူဇော်ကြရန် လှူဖွယ် ပစ္စည်းတွေ ဝမ်းပန်းတသာ ကိုင်ဆောင်၍ လာကြပါ၏။ ဤကဲ့သို့ ကြိုးစားပန်းစား ရောက်လာကြပြီး ဇေတဝန် ကျောင်းတော်သို့ ရောက်ရှိပါက မြတ်ဗုဒ္ဓမရှိဟု သိကြ ရသောအခါ စိတ်ပျက်လက်ပျက်ဖြစ်ကာ ကိုင်ဆောင်၍ ပါလာကြသော ပူဇော်ပစ္စည်း ပစ္စယတွေကို လက်မှိုင် ချကာ ဇေတဝန် ကျောင်းနားတွင်ထားခဲ့ပြီး ပြန်ကြရပါ၏ဟု အကျိုးအကြောင်းသိသော ညီတော် အာနန္ဒာမှ မြတ်ဗုဒ္ဓအား လျှောက်တင်သောအခါ ဤကဲ့သို့သော ဖြစ်စဉ်အဖြစ်အပျက်ကို ဘုရား တပည့် တော် နှလုံးမသာမယာ ဖြစ်ရပါ၏ဘုရား ဤအကြပ်အတည်း အခက်ခဲကို ဘယ်ကဲ့သို့ ဖြေရှင်း ရမည်နည်း။ အရှင်ဘုရားမရှိ၍ ဒေသစာရီ ကြွချီသော အခါ အရှင်ဘုရား ကိုယ်စား ကိုယ်ပွား ဘယ်အရာကို ဖူးမျှော်စေရပါမည်နည်းဟု မေးလျှောက်သောအခါ မြတ်ဗုဒ္ဓမှ “ငါ၏ကိုယ်စား ကိုယ်ပွားဖြစ်၍ သဗ္ဗညုတ ရွှေဉာဏ်တော်ရ၍ သစ္စာလေးပါး သိမြင်တော်မူရာ ဖွားဖက်တော်လည်း ဖြစ်တော်မူသော ပရိဘောဂ စေတီလည်းထိုက်သော ဗောဓိပင်ကို ပူဇော်စေဟု မိန့်မှာခဲ့ပါ၏။ ထိုမိန့်မှာချက်ကို အကြောင်းပြု၍ ဗုဒ္ဓဂယာ မဟာဗောဓိပင်မှ မျိုးစေ့ကိုယူကာ ညီတော် အာနန္ဒာ ကိုယ်တိုင်စိုက်ခဲ့သော အာနန္ဒာ ဗောဓိပင် မြတ်ကြီးသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက် တော်ကြီးအတွင်း ယခုတိုင် တွေ့မြင်နိုင်ပါတော့သည် မဟုတ်ပါလား။ ဤကဲ့သို့ ဗောဓိပင် ၁ဝ ပင် အဓိဋ္ဌာန်ကျင့်စဉ် ဝင်ရခြင်းသည် အကျိုးကြီး၍ ကောင်းကျိုးများနိုင်ပါ၏။
ထိုကဲ့သို့ အကျိုးကျေးဇူး များသောကြောင့် ဗေဒင်ယတြာ ချေခိုင်းပါက ဗောဓိပင်ရေလောင်း၊ ညောင်ပင်ထောက် ယတြာပေးကြပါ၏။ အသက်လည်းရှည် ကျန်းမာရေးလည်းကောင်းပြီး ပရိဘောဂ စေတီလည်း ပူဇော်ရာ မည်သောကြောင့် ဖြစ်ပါမည်။ သစ်ပင်အောက်တွင် ကျင့်ရသောကြောင့် ရုက္ခမူဓုတင် လည်းရပါ၏။ ဂုဏ်တော်ဖြင့် ပူဇော်သောကြောင့် ဂုဏ်တော်ဓာတ် အကျိုးတရားလည်း ရပါ၏။ သောက်တော်ရေဖြင့် မွှေးနံ့သာဖြင့် ပူဇော်သော ဒါနလည်း ဖြစ်ပါ၏။
ဗောဓိပင်စောင့်သော ရုက္ခစိုးနတ်ကို ကွမ်းယာ ဖြင့် လှူဒါန ပြုရသောကြောင့် သီလရှိသော ရုက္ခစိုး နတ်မှ ချစ်၍ အမျှရသောကြောင့် လက်တွေ့ ဒိဋ္ဌဓမ္မ အကျိုးပေးမည် ဖြစ်ပါ၏။ ယခုကဲ့သို့ ကောင်းကျိုးများ နိုင်သော အဓိဋ္ဌာန်ကျင့်စဉ် ဖြစ်သောကြောင့် လုပ်ကို လုပ်သင့်သော အဓိဋ္ဌာန်ကျင့်စဉ် ဖြစ်ပါသည်။