တပို့တွဲလ (ဇန်နဝါရီ/ ဖေဖော်ဝါရီ)

အသေးစိတ် အချက်အလက်များ

တပို့တွဲလသည် မြန်မာလများတွင် (၁၁) လမြောက်သော လဖြစ်ပြီး အလွန်ချမ်းအေးသည့် ဆောင်းရာသီ၏ နောက်ဆုံးကာလဖြစ်သော ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလအတွင်း ကျရောက်လေ့ရှိသည်။ တပို့တွဲလသည် ကောက်ရိတ်သိမ်းချိန်ဖြစ်ပြီး လယ်ယာမြေများမှ ရိတ်သိမ်းရရှိလာသည့် ကောက်ညှင်း၊ နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ဂျင်း စသည်တို့ဖြင့် ထမနဲကို စီမံပြုလုပ်ကြပါသည်။ ထမနဲထိုးပွဲကို အများသူငါနှင့် စုပေါင်းပြုလုပ်၍ ဖြစ်စေ မိသားစုဆွေမျိုးအပေါင်းအသင်းများနှင့်ဖြစ်စေ ကျင်းပဆင်နွှဲလေ့ရှိပါသည်။ မည်သို့ပင် ကျင်းပသည် ဖြစ်စေ ထမနဲပွဲတော်၏ အဓိပ္ပာယ်မှာ အားလုံးပေါင်းစည်းဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။ စုပေါင်းပြုလုပ်သည့် ထမနဲထိုးပွဲများတွင် ကောက်ညှင်းဆန်နှင့် အခြားပါဝင်ပစ္စည်းများကို စုပေါင်းအကုန်ကျခံကြလေ့ရှိပြီး လုပ်အား စိုက်ထုတ်သူများလည်းရှိသည်။