သီတင်းကျွတ်လ (စက်တင်ဘာ / အောက်တိုဘာ)

အသေးစိတ် အချက်အလက်များ

မိုးရာသီကုန်ဆုံး၍ သာယာသော သီတင်းကျွတ်လသည် မြန်မာလများအနက် (၇)လမြောက်ဖြစ်ပြီး စက်တင်ဘာလ အောက်တိုဘာလတွင် ကျရောက်ပါသည်။ ဂေါတမမြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်သို့ သွားရောက်ကာ မယ်တော်မိနတ်သား နှင့် နတ်ဗြဟ္မာများအား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြား တော်မူပြီးနောက် လူ့ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ပြန်လည်ကြွချီတော်မူလာ ချိန်ဖြစ်ပါသည်။ နတ်တို့သနင်း သိကြားမင်းမှ ဘုရားရှင်အတွက် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများ ဖန်ဆင်းပူဇော်ပြီး ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လက်ယာဘက်ရွှေစောင်းတန်းမှ နတ်ဒေဝတာများ၊ လက်ဝဲဘက် ငွေစောင်းတန်းမှ ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်မှ ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်တော်မူပါသည်။ ရဟန်းတော်များအတွက် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ဝါကျွတ်သောနေ့၊ အပြစ်ရှိက ဝန်ချတောင်းပန်နိုင်ရန် အချင်းချင်း ဖိတ်ကြားခြင်း အမှုပြု ကြသော ပဝါရဏာနေ့ ဖြစ်ပါသည်။ ထိုနေ့တွင် မိမိထက်အသက်ကြီးသူများနှင့် မိဘ၊ ဆရာသမားများကို ဂါဝရပြုကန်တော့၍ အဆုံးအမများကို နာကြားကာ အပြစ်များရှိပါကလည်းကျေစေသည်ဟု ယူဆသော ဓလေ့ လည်းရှိသည်။