စေတီတော်ဆိုင်ရာ

ကမ္ဘာအေးစေတီတော်သမိုင်း

        ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်တကွ တကမ္ဘာလုံး၏အေးချမ်းမှု ရကြစေရန်ဟူသော ကြီးမားမြင့်မြတ်သည့် စေတနာအရင်းခံဖြင့် ရန်ကုန်မြို့သီရိမင်္ဂလာကုန်းမြေတွင် ပရိတ်သုတ္တန်ဒေသနာတော်များ အထပ်ထပ် ရွတ်ဖတ်သရဇ္ဈယ်ကြပြီး မြေနေရာရွေးချယ်ကာ ဉာဏ်တော်(၇၈)တောင် ၂-မိုက် ရှိတော်မူသော သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကို ၁၃၁၂-ခုနှစ် ဝါခေါင်လပြည့်ကျော် ၄-ရက် (၁. ၉. ၅၀)သောကြာနေ့တွင် စတင်ပန္နက်ရိုက်၍ ၁၃၁၂-ခုနှစ် ဝါခေါင်လပြည့်ကျော်(၆)ရက် (၃. ၉. ၅၀) တနင်္ဂနွေနေ့တွင် အုပ်မြစ်ချတည်ထားခဲ့ရာ ထီးတော်တင်ပွဲ စတင်ကျင်းပသည့် ၁၃၁၃-ခုနှစ် တပေါင်းလဆန်း(၁၀)ရက်  (၅. ၃. ၅၂)ဗုဒ္ဓဟူးနေ့နံနက် (၉)နာရီအချိန် ပင့်သံဃာတော်(၁၀၈)ပါးတို့က ပဌမအကြိမ် အနေကဇာတင်၍ ထီးတော်တင်ပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့် ၁၃၁၃-ခုနှစ် တပေါင်းလပြည့်ကျော်(၁)ရက် (၁၁. ၃. ၅၂)အင်္ဂါနေ့ နံနက်(၉)နာရီအချိန် ပင့်သံဃာတော်(၁၀၀၀)တို့က ဒုတိယအကြိမ် အနေကဇာတင်ပြီးလျှင် ညနေ(၄)နာရီအချိန်တွင် ပင့်သံဃာတော်အပါး(၁၀၀၀)တို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူကြကာ သာသနာ့သမိုင်းတွင် မော်ကွန်းတင်ထားရလောက်အောင်(၇)ရက်ရက်တိုင်တိုင် ခမ်းနားကြီးကြယ်စွာ ထီးတော်တင်ခဲ့ကြပါသည်။

        ၁၃၄၅-ခုနှစ် တပေါင်းလကွယ် (၃၀. ၃. ၈၄) စနေနေ့နံနက် (၈)နာရီအချိန် စိန်ဖူးတော် နှင့် ငှက်မြတ်နားတော်အသစ်များ တပ်ဆင်ကပ်လှူ၍ တန်ခူးလဆန်း(၁)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် အဂ္ဂမဟာပဏ္ဍိတ-အဘိဓဇမဟာရ၎ဂုရု တိပိဋကရေ ဓမ္မဘဏ္ဍာဂါရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအမှူးပြုသော သံဃာတော်အရှင်မြတ်အပါး(၁၀၀၀)တို့က စေတီတော်လုံးပြည့် ကြေးနီပြားခံ ရွှေစင်သင်္ကန်း ကပ်လှူပြီးသည့် စေတီတော်မြတ်အား (၃၃)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြပါသည်။ ဗုဒ္ဓရှင်တော်မြတ်၏ များလှစွာသော သရီရ ဓါတ်တော်မွေတော်များအပြင် အဂ္ဂသာဝကကြီးနှစ်ပါး ဖြစ်တော်မူကြသည့် လကျ်ာတော်ရံ ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာနှင့် လက်ဝဲတော်ရံ တန်ခိုးတော်အရာ ဧတဒဂ်ရ အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်တို့၏ ဓါတ်တော်များသည် ဤ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်တွင် ထင်ရှားခိုင်လုံစွာ ကိန်းဝပ်စံပါယ်တော်မူလျက်ရှိပါသည်။

တည်နေရာပြ အညွှန်း

ကမ္ဘာအေး စေတီတော်သည် ရန်ကုန်မြို့ အချက်အချာကျသောနေရာ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တည်ရှိနေသည့် မရမ်းကုန်းမြို့နယ် ရန်ကုန်မြို့၏ ကျက်သရေဆောင်စေတီတော်ကြီး ဖြစ်ပါသည်။