ကမ္ဘာအေးစေတီတော် သမိုင်း
ဉာဏ်တော်(၇၈)တောင် ၂-မိုက် ရှိတော်မူသော သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကို ၁၃၁၂-ခုနှစ် ဝါခေါင်လပြည့်ကျော် ၄-ရက် (၁. ၉. ၅၀)သောကြာနေ့တွင် စတင်ပန္နက်ရိုက်၍ ၁၃၁၂-ခုနှစ် ဝါခေါင်လပြည့်ကျော်(၆)ရက် (၃. ၉. ၅၀) တနင်္ဂနွေနေ့တွင် အုပ်မြစ်ချတည်ထားခဲ့ရာ ထီးတော်တင်ပွဲ စတင်ကျင်းပသည့် ၁၃၁၃-ခုနှစ် တပေါင်းလဆန်း(၁၀)ရက် (၅. ၃. ၅၂)ဗုဒ္ဓဟူးနေ့နံနက် (၉)နာရီအချိန် ပင့်သံဃာတော်(၁၀၈)ပါးတို့က ပဌမအကြိမ် အနေကဇာတင်၍ ထီးတော်တင်ပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့် ၁၃၁၃-ခုနှစ် တပေါင်းလပြည့်ကျော်(၁)ရက် (၁၁. ၃. ၅၂)အင်္ဂါနေ့ နံနက်(၉)နာရီအချိန် ပင့်သံဃာတော်(၁၀၀၀)တို့က ဒုတိယအကြိမ် အနေကဇာတင်ပြီးလျှင် ညနေ(၄)နာရီအချိန်တွင် ပင့်သံဃာတော်အပါး(၁၀၀၀)တို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူကြကာ သာသနာ့သမိုင်းတွင် မော်ကွန်းတင်ထားရလောက်အောင်(၇)ရက်ရက်တိုင်တိုင် ခမ်းနားကြီးကြယ်စွာ ထီးတော်တင်ခဲ့ကြပါသည်။

သမိုင်းတစ်လျှောက်ထူးခြားဖြစ်စဉ်များ


ရွှေထီးတော်သစ်ကြီး
ထီးတော်၏ သက်တမ်းသည် စေတီတော်သက်တမ်းနှင့်အတူဖြစ်၍ နှစ်(၅၀)ကျော် (၆၀) နီးပါးရှိပြီဖြစ်၍ မခိုင်ခန့်ဘဲ အရောင်မှိန်လာပြီဖြစ်၍ (၃၀-၁၂-၂ဝဝ၇)၊ ၁၃၆၉-ခုနှစ်၊ နတ်တော်လပြည့်ကျော်(၆)ရက်နေ့ တွင် ထီးတော်ဟောင်းကိုချ၍ ၁၃၆၉ – ခုနှစ်၊ ပြာသိုလ်လပြည့် (၂၂-၁-၂၀ဝ၈)နေ့တွင် သံမဏိအစစ် ရွှေထီးတော်သစ်ကြီးကို တင်လှူပူဇော်ခဲ့ပါသည်။ နာဂစ်မုန်တိုင်းကြီး ကျရောက်စဉ်တွင်လည်း ထီးတော်ကြီးသည် မပျက်မစီးဘဲ တည်ရှိခဲ့ပါသည်။

ညောင်ပင်အမှတ်(၁)
နာဂစ်မုန်တိုင်းကြီး ကျရောက်စဉ်တွင် ဘုရားပရဝုဏ် အတွင်းရှိ အခြားသစ်ပင်များပျက်စီးခဲ့သော်လည်း ညောင်ပင် အမှတ်(၁) သစ်ပင်ကြီးမှာ မပျက်စီးဘဲ ယနေ့တိုင် တည်ရှိလျက် ရှိပါသည်။

မျက်မှောက်ခေတ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်မှု
