စေတီတော်ဆိုင်ရာ
ကြီးငါးကြီးစေတီတော်သမိုင်း



စစ်ကွင်းဆရာတော် တည်ထားခဲ့သော ရုပ်ပွားတော်လေးဆူ ခြံရံသည့် စေတီတော်သည် ဘုရားဖူးများနှင့် စည်ကားလျက်ရှိပြီး ခရစ်နှစ် ၁၉၉၅ ခုနှစ်ခန့်ကစ၍ ကြီးကိုးကြီးအဓိဌာန်ဟူ၍ ရန်ကုန်မြို့တွင် အဓိဌာန်ဝင် ဆုတောင်းကြသည့်အချိန်တွင် စာရေးဆရာ သုတေသီမြင့်ထွန်းက ကြီးငါးကြီးအဓိဌာန်ဝင်ရန် နည်းလမ်းများကို ဘာသာရေးစာပေ/စာအုပ်/စာစောင်များတွင် ရေးသား ခဲ့ရာမှ ကြီးငါးကြီး အဓိဌာန်ဝင်သူများဖြင့် တနင်္ဂနွေအပတ်စဉ်တိုင်း ဘုရားဖူးများဖြင့် စည်ကားလျက် ရှိပြီး ကြီးငါးကြီး ဆုတောင်းပြည့်ဘုရားဟု လူသိများထင်ရှားခဲ့ပါသည်။စစ်ကွင်းဆရာတော်က ၁၉၅၀ ခုနှစ်ခန့်တွင် အလယ်ဗဟိုစေတီတော်ကြီးအားခြံရံလျက် ရုပ်ပွားတော်လေးဆူ(ပွင့်ပြီးဘုရားလေးဆူ) တည်ထားပူဇော်ခဲ့ကြောင်းသိရသည်။
ရွှေတိဂုံသမိုင်းကို မှီငြမ်းခြင်း
ရွှေတိဂုံစေတီတော်မြတ်သည် ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အချိန်ကပင် တည်ရှိခဲ့သည်။ စေတီတော်တည်ထားရာနေရာသည် သင်္ဂုတ္တရကုန်းတော်တွင်ဖြစ်သည်။ တည်ထား ခဲ့ကြသောဒါယကာတို့သည် ဥက္ကလာပမြို့ကိုစိုးစံသော ဥက္ကလာပမင်းကြီးနှင့် တိုင်းသူပြည်သားများ ဖြစ်ကြသည်။ စေတီတော်တွင် ထည့်သွင်းဌာပနာထားသည်တို့မှာကား တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ မဇ္စျိမဒေသမှ ပင့်ဆောင်လာကြသော ဂေါတမြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူ ဖြစ်သည်။ ယင်းဆံတော်များနှင့်အတူ ကကုသန်မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ကောဏာဂုံ မြတ်စွာဘုရား၏ ကရိုဏ်ရေစစ်တော်၊ ကဿပမြတ်စွာဘုရား၏ ရေသနုပ်သင်္ကန်းတော်တို့ကို ထည့်သွင်းဌာပနာ၍ ပူဇော်ခဲ့ကြသည်။ရွှေတိဂုံစေတီတော်ကြီးနှင့်စပ်လျဉ်း၍ ပညာရှိရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့ ရေးသားကြသော မွန်ရာဇဝင်၊ မြန်မာရာဇဝင်နှင့်စေတီတော်သမိုင်းဟောင်း၊ သမိုင်းသစ်တို့၌ အချုပ်အားဖြင့် အထက်ပါ အတိုင်း ဆိုခဲ့ကြသည်။ယခုအဆိုများသည် ကျမ်းအကိုးအကား သမိုင်းအကိုးအကားတို့နှင့် ညှိနှိုင်းဆက်စပ်၍ ရသည် လည်းရှိသည်။ ညှိနှိုင်းဆက်စပ်၍ မရနိုင်သေးသည်လည်း ရှိသည်။ အဖြစ်အပျက် အမှတ်အသား တို့သည် အသေးစိတ်အားဖြင့် တစ်ခုနှင့်တစ်ခုတူကြသည်လည်း ရှိသည်၊ မတူကြသည်လည်း ရှိပေသည်။ ဤအစဉ်အလာပြောဆိုခဲ့ကြသည့် စေတီတော်သမိုင်းကို ဖော်ပြသော် အောက်ပါအတိုင်း ဖြစ်ပါသည်။ဂေါတမမြတ်စွာဘုရား မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် မဇ္စျိမဒေသ၌ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူလေသည်။ ဘုရားဖြစ်တော်မူပြီးနောက် ဘုရားရှင်တို့၏ ဓမ္မတာတော်အတိုင်း ပလ္လင်တော်၊ အနိမ်ဆ၊ စက်မ၊ ရတနာဃရ၊ အဇပါလ၊ မုဉ္စလိန္ဒ၊ ရာဇယတနဟူသော ခုနှစ်ဌာနတွင် တစ်ဌာနလျှင် ခုနှစ်ရက် ကျဖြင့် ၄၉ ရက်တိတိ သတ္တဌာနစံနေတော်မူလေသည်။ထိုသတ္တဌာနတွင် ခုနှစ်ရက် ခုနှစ်ကြိမ်ဖြစ်သော “သတ္တ သတ္တာဟ” ကာလပတ်လုံး ဈာနသုခ၊ ဖလသုခ တို့ဖြင့်သာ လွန်တော်မူသည်။ ၄၉ ရက်စေ့၍ အရုဏ်တက်သောအခါ မြတ်စွာဘုရားသခင် သည် မျက်နှာသစ်လိုသော နှလုံးတော်ဖြစ်သည်ကို သိကြားမင်းသိ၍ ဆေးကိစ္စကို ပြီးစေတတ်သော ကြစုသီး၊ ကွမ်းရိုးဒန်ပူ၊ အနဝတတ် မျက်နှာသစ်ရေတို့ကို ကပ်လှူလာလေသည်။ ဘုရားရှင်သည် ကြစုသီးကို ဘုဥ်းပေးတော်မူသော် ကိုယ်တော်သုတ်သင်ခြင်းကိစ္စပြီး၏။ ထို့နောက် ကွမ်းရိုးဒန်ပူ၊ အနဝတတ်ရေတို့ ဖြင့်မျက်နှာသစ်တော်မူလေသည်။
တဖုဿနှင့် ဘလ္လိကညီနောင်
ထိုအချိန်တွင် ရာမညတိုင်း၊ ပေါက္ခဝတီ အမည်ရှိသော အသိတဉ္စနနဂိုရ်ပြည်မှ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ကုန်ကူးရန်အလို့ဌာနေရာတွင် ပွင့်တော်မူရာသို့ ရောက်ရှိလာ ကြသည်။ ကုန်သည်ညီနောင်တို့သည် သင်္ဘောဖြင့်လည်းကောင်း၊ လှည်း ၅၀၀ ဖြင့်လည်းကောင်းခရီးစဉ် အတိုင်းလာကြခြင်းဖြစ်သည်။ ထိုကုန်သည်ညီနောင်တို့၏ လှည်း ၅၀၀ သည် မြတ်စွာဘုရားသီတင်း သုံးရာတောအုပ်အနီးသို့ ရောက်သည်၌ တဖုဿနှင့် ဘလ္လိကတို့၏ ရှေးဘဝ ဆွေမျိုးဖြစ်ခဲ့ဖူးသော နတ်သည် လှည်းများ၏ ရှေ့မှနေ၍ လှည်းများကို မလည်/မသွားတတ်အောင် ချုပ်လေသည်။ ကုန်သည်တို့သည် ဖြစ်ပျက်ပုံအကျိုးအကြောင်းကို သိရှိရအောင် ဗလိနတ်စာပေးခြင်း၊ ပသခြင်းတို့ကို ပြုကြရသည်။ ထိုအခါ နတ်က “အချင်း ကုန်သည်တို့ ဘုရားသခင်ပွင့်တော်မူ၍ လင်းလွန်းပင်ရင်း၌ ရှိတော်မူ၏။ သင်တို့မှာပါသော ကြွက်ကျစ်မုန့်၊ ပျားဆုပ်မုန့်များတို့ဖြင့် သွားရောက်ကပ်လှူကြလေ” ဟုဆိုလေ၏။ တဖုဿနှင့် ဘလ္လိကကုန်သည်ညီနောင်တို့သည် ထိုနတ်ပြောဆိုညွှန်ပြသည့်အတိုင်း မြတ်စွာ ဘုရားသီတင်းသုံးရာသို့ သွားရောက်ကြသည်။ မြတ်စွာဘုရားသည် ရောင်ခြည်တော် ခြောက်သွယ် အံ့ဖွယ်ဖြင့် သပ္ပါယ်စွာ စံနေတော်မူသည်။ ယင်းအခါ ကုန်သည်ညီနောင်တို့သည် ဖျပ်ဝပ်ရိုကျိုး ရှိခိုး ပူဇော်ကြ၏။ ကြွက်ကျစ်မုန့်၊ ပျားဆုပ်မုန့်တို့ကိုလည်း ဆည်းကပ် လှူဒါန်းကြသည်။
ထိုအချိန်တွင် ဘုရားရှင်၌ သုဇာတာလှူဒါန်းသော ရွှေသပိတ်ကွယ်ပြီးဖြစ်သဖြင့် စတုမဟာရာဇ် နတ်မင်းကြီးလေးပါး လှူဒါန်းသော ပဲနောက်အဆင်းရှိ သပိတ်လေးလုံးကို ခံယူတော်မူသည်။ ယင်းတို့ကို ထပ်ဆင့်စီတင်၍ ရွှေလက်တော်ဖြင့်ကိုင်နှိပ်ရာ သပိတ်လေးလုံးသည် အနားလေးရစ် ရှိသော တစ်လုံးတည်းသောသပိတ် ဖြစ်လေသည်။ ထိုသပိတ်ဖြင့် တဖုဿနှင့် ဘလ္လိကတို့လှူဒါန်း သောမုန့်များကို ခံယူဘုဉ်းပေးတော်မူလေသည်။ ဘုဥ်းပေးသုံးဆောင်တော်မူပြီးလျှင် ကုန်သည် ညီနောင်တို့အား သင့်တင့်လျောက်ပတ်သော အနူမောဒနာတရားကို ဟောကြားတော်မူလေသည်။ ထိုအခါ ကုန်သည်ညီနောင်တို့ သည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြကုန်လျက် “ဒွေဝါစိက” သရဏံဂုံတည် ဥပသကာများ ဖြစ်ကြကုန်၏။
ဆံတော်များ ပင့်ဆောင်လာခြင်း
ထို့နောက် ကုန်သည်ညီနောင်တို့က မြတ်စွာဘုရားအား ကိုးကွယ်ပူဇော်ရန် ပူဇနိယဖြစ်သော ဝတ္ထုကိုပေးသနားပါရန် တောင်းပန်လေသည်။ ထိုအခါ မြတ်စွာဘုရားသည် လက်ယာလက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်၍ ဆံတော်ရှစ်ဆူရသည်ကို ကုန်သည်ညီနောင်တို့အား ပူဇော်ရန် ပေးအပ်တော် မူသည်။ ဘုရားရှင်ပေးသနားတော်မူလိုက်သော ဆံတော်တို့သည် ကုန်သည်ညီနောင်တို့၏ ဦးထိပ်တင် တင်၍နေသည်နှင့် တစ်ပြိုင်နက်တောတောင်အလုံး အုပ်ဖုံးရောင်ယှက် ပဲ့တင်ရိုက်ဟည်း သိမ့်သိမ့် ကြည်းလျက် ပြင်းစွာလှုပ်လေသည်။ မဟာသမုဒ္ဒရာသည် လှိုင်းတံပိုးများ ထကြွ၍ ပြင်းစွာချောက်ခြား ၏။ မြင့်မိုရ်တောင်သည် ဘုရားရှင်ရှိရာသို့ ဦးခိုက်ညွတ်ကျိုး၏။ နတ်ဗြဟ္မာအပေါင်းတို့ကလည်း “သာဓု၊ သာဓု၊ သာဓု” သုံးကြိမ်ဟစ်ကြွေး ကောင်းချီးပေးကြလေသည်။
ထို့နောက် ကုန်သည်ညီနောင်တို့သည် မိမိတို့တိုင်းပြည်သို့ပြန်ရန် မြတ်စွာဘုရားအား ခွင့်ပန် ကြား၍ လာခဲ့ကြသည်။ ဆံတော်ကိုရကြသော ကုန်သည်တို့သည် ဝမ်းမြောက်ဝမ်းသာဖြင့် ပါသမျှ ကုန်လှည်း ၅၀၀ တို့ကို စုံမက်လိုခြင်းမရှိ။ မရောင်းမချဘဲ မြင်မြင်သမျှ လူတို့အား သဒ္ဓါလွန်ကဲစွာဖြင့် စွန့်ကြဲပေးကမ်းကြသည်။ ကုန်သည်ညီနောင်တို့အားပေးအပ်လိုက်သော ဘုရားရှင်ဆံတော်တို့ ကိန်းဝပ်ရန်အတွက် နတ်တို့၏ ဘုရင်သိကြားမင်းသည် ပတ္တမြားကြုတ်ကို ပြုလုပ်ဖန်ဆင်း၏။ ယင်းပတ္တမြားကြုတ်ကို ထည့်ရန် နဝရတ်ကိုးပါးပြဿဒ်ကိုလည်း ဖန်ဆင်း၏။ ထို့နောက် ကုန်သည်ညီနောင်တို့သည် ဆံတော် ကြုတ်ပါသော ပြဿဒ်ကိုဦးခေါင်းထက်တင်ပြီးသော် လှည်း ၅၀၀ နှင့်အတူ ပြန်ခဲ့ကြ၏။ သိကြားမင်းသည် ဆံတော်ကိုပင့်ဆောင်သွားကြသော ကုန်သည်ညီနောင်တို့၏ ပြန်ရာ လမ်းခရီးတွင် အတင့်အတယ်ဖြစ်စေသောဌာ ဝိသကြုံနတ်သားကို စေလွှတ်၍ ပြင်ဆင်မွမ်းမံစေ၏။ တဖုဿ၊ ဘလ္လိကညီနောင်တို့သည်လည်း နတ်တို့ဖန်ဆင်းသော လမ်းအတိုင်း ဆံတော်ကြုတ်နှင့် ပြဿဒ်ကို ဆောင်ယူ၍ ပြန်ခဲ့ကြသည်။ သိကြားမင်းသည် ခုနှစ်ရက်ခရီးတိုင်အောင် ကုန်သည်တို့အား လိုက်လံပို့ဆောင်သည်။ ပင်လယ်ဆိပ်ကမ်းသို့ ရောက်ကြသောအခါ ပြဿဒ်နှင့်တကွ ကြုတ်တော်ကို သိကြားမင်း ဖန်ဆင်းသော ရွှေသင်္ဘောပေါ်တင်၍ ပြန်ခဲ့ကြသည်။
ထို့သို့ ဆံတော်မြတ်ကို ပင့်ဆောင်ခဲ့ကြရာ လမ်းခရီးတွင် အဇ္စျတ္တနာဂရ မြို့သို့ ဆိုက်ကပ်သည်။ အဇ္စျတ္တနာဂရမင်းသည် တဖုဿနှင့် ဘလ္လိကတို့အား တောင်းပန်၍ ဆံတော်တို့ကို ပူဇော်လေသည်။ မင်းကြီး၊ မိဖုရားနှင့်တကွ ပြည်သူပြည်သားတို့သည် ဆံတော်တို့ကို ပူဇော်ကြရသဖြင့် မရောင့်ရဲနိုင် သော သဒ္ဓါဟုန် ဖြစ်လေသည်။ “အမောင်ကုန်သည်တို့ ငါတို့အား ဆံတော်ြမတ်နှစ်ဆူကို ကိုးကွယ်ဖို့ ပေးခဲ့ပါ”ဟု တောင်း၏။ ကုန်သည်တို့ကလည်း “မြတ်စွာဘုရား၏ ဗျာဒိတ်တော်ကို ပယ်ရှားရာကျမည် မပေးဝံ့” ဟုဆို ကြသည်။ မင်းကြီးသည် ဆံတော်ကြုတ်ကို ဖွင့်၍ ဆံတော်ရှစ်ဆူအနက် နှစ်ဆူကို ကိုးကွယ်ပူဇော်ရန် အတွက် အနိုင်အထက် ယူထားလိုက်လေသည်။
ကုန်သည်ညီနောင်တို့ကလည်း ငိုယိုကာပင် ကျန်သည့် ဆံတော် ၆ ဆူကို ပတ္တမြားကြုတ်ဖြင့် ပင့်ဆောင်လျက် သင်္ဘောခရီးဆက်ခဲ့ကြလေသည်။ သင်္ဘောလွှင့်၍လာကြရာ နာဂရာဇ်မော် (မော်တင်စွန်း)သို့ရောက်သည်။ ထိုနေရာတွင် လေမိုးအခန့်မသင့်သဖြင့် ရေသတ္တဝါများနှင့် တောင်ခြေ ရင်းနဂါးတို့ပူဇော်ကြရသဖြင့် တန်ခိုးပြာဋိဟာ ပြသည်ကို ရေသတ္တဝါနဂါးတစ်ကောင်သည် လူယောင် ဖန်ဆင်း၍ ဆံတော်နှစ်ဆူကိုအမှတ်မဲ့ယူပြီးလျှင် ဇေယျသနနဂါးမင်းရှိရာ ဘူမိန္တိရနဂါးပြည်သို့ ဆောင်ယူ သွားလေသည်။ နဂါးတို့ဆောင်ယူသွားသော ဆံတော်နှစ်ဆူကိုဌာပနာ၍ ပင်လယ်မှယူဆောင်သောကျောက်သံ ပတ္တမြားရတနာတို့ဖြင့်စေတီတော်တစ်ဆူကို ဇေယျနဂါးမင်းနှင့်တစ်ကွ နဂါးအပေါင်းတို့က တည်ထား ကိုးကွယ်ကြရာ ယခုအခါ မော်တင်စွန်းဆံတော်ရှင်စေတီတော်မြတ်အား ရဟန်းရှင်လူအများ ဖူးမြော် နေကြရလေသည်။ တဖုဿနှင့် ဘလ္လိကတို့သည် ဆံတော်နှစ်ဆူပျောက်ကြောင်း သိရသဖြင့် ငိုယိုလျက် စိတ်နှလုံး မကြည်မသာဖြစ်ကာ ဆက်လက်၍ ပင့်ဆောင်လာခဲ့ကြ၏။
မြတ်ဆံတော်အား ကြိုဆိုပူဇော်ခြင်း (၉) ဌာန
မော်တင်စွန်း(ခေါ်)နာဂရာဇ်မော်အငူမှ တဖုဿနှင့် ဘလ္လိကညီနောင်တို့ ဆံတော်မြတ် ပင့်ဆောင်လာကြကြောင်းကို သတင်းစကားကြားကြကုန်သော အနီးအနားမြစ်လမ်းတစ်လျှောက်ရှိ နယ်သူနယ်သား တို့သည် လမ်းခရီးမှနေ၍ သောင်းသောင်းဖြဖြ မကြုံဖူးအောင် အထူးစည်ကား သိုက်မြိုက်စွာ ကြိုဆိုဖူးမြော် ပူဇော်ကြကုန်၏။ ဤသို့ ကြိုဆိုဖူးမြော်ပူဇော်ကြပြီးလျှင် အမှတ်တရ ဖြစ်စေရန် မိမိတို့ မြို့ရွာအသီးသီးတို့၌ ဆံတော်ကြိုစေတီများကို ရွာတိုင်းလိုလို အများအပြား တည်ထားကိုးကွယ်ကြကုန်၏။ နောင်အခါ ဓါတ်တော်ဆံတော်စသော သာရိရိက ပူဇော်ဖွယ်တို့ကို ထပ်မံဌာပနာကြ၍ ပူဇော်လာကြရာ ပျောက်ပျက်ကွယ်ပတောင်မှကြကုန်သော စေတီတော်မှတစ်ပါး ယခုတိုင် မပျောက်မပျက်ဘဲတည်ရှိနေသော ဒလ-အံ့ကြီးနယ် စာပူကန်(၁၂)ရွာ တောကြီးတန်း တလျှောက်ရှိ ဆံတော်ကိုစေတီ(၉)ဆူအကြောင်း ကို အလျဉ်းသင့်ခိုက် ရာဇဝင်သမိုင်းတို့မှ ထုတ်နုတ်၍ ကွမ်းခြံကုန်းမှ တွံတေးအရောက် ချောင်းတလျှောက် ရှိလမ်းစဉ်အတိုင်းအကျဉ်းမျှ ရေးသားဖော်ပြ ပါလျှင် –
(၁) ဒေးတနော် စေတီတော်
(၂) အင်းကလုံး စေတီတော်
(၃) ဆူပူဂံ စေတီတော်
(၄) ကျိုက်တရိုး စေတီတော်
(၅) ကျိုက်တရိုး ထွက် စေတီတော်
(၆) လှပတီး-လက်နိတ် စေတီတော်
(၇) ကျိုက်ကော့မှူး စေတီတော်
(၈) ဖလကြီး စေတီတော်
(၉) ရွှေဆံတော် စေတီတော်
စသည့် ဆံတော်ကြိုစေတီတော်(၉)ဆူအပြင် စလုပ်ကြီးဘုရား၊ နတ်စင်ကျွန်း ခေါ် ကျွဲမင်းကုန်းဘုရား၊ ဘုရားကြီးခေါ် ချမ်းသာကြီးဘုရားစသည်အားဖြင့် များစွာရှိကြလေသည်။ ဆံတော်ပင့်ရာတွင် ကွမ်းခြံကုန်းမြစ်သည် ယခုအခါ သင်္ဘောလှည့်မရတော့ဘဲ ချောင်းကျဉ်းကလေးဖြစ်နေသည်ကို တွေ့ရ သည့်အပြင် အချို့နေရာတို့၌ ရိုးယောင်ယောင် အနိမ့်လယ်ကွက်များ ဖြစ်နေသည်ကိုလည်း တွေ့ရ၏။
တွံတေးရွှေဆံတော်
မြတ်စွာဘုရား(ဂ)ဝါအရ သုဝဏ္ဏဘုံ သထုံပြည်သို့ ကြွရောက်တော်မူခိုက်”သုမနမထေရ်”နှင့် “တိက္ခပညာ-သာဂရပညာ” လူဒါယကာနှစ်ဦးတို့က(၁၁၁)ခုနှစ် တန်ဆောင်မုန်း၊ လဆန်း(၁၄)ရက်၊ အင်္ဂါနေ့ ကပေးသနားတော်မူလိုက်သော ဆံတော်ဓါတ်တော်နှစ်ဆူကို သမိန်ထောဗညားမင်း ကြီးမှူး၍ မဟာသက္ကရာဇ် (၁၁၄)ခုနှစ်၊ တန်ဆောင်မုန်း၊ လဆန်း(၁၅)ရက် တနင်္လာနေ့က ကျိုက်ကေသာစေတီ၌ ဌာပနာ၍ ပြန်လည်တည်ထားသော စေတီတော်သည် ယခု တွံတေးရှိ ရွှေဆံတော်စေတီတော်ကြီးပင် ဖြစ်သည်။(၁၂၃)ခုနှစ်၊ တန်ခူးလပြည့်နေ့ စနေနေ့တွင် စေတီပြီးဆုံး၏ဟု ရွှေဆံတော်သမိုင်း(၃၀)၌ ဆို၏။
ဒဂုံသို့ ဆံတော်ဆိုက်ရောက်ခြင်း
တဖုဿ-ဘလ္လိကညီနောင်တို့လည်း ဥက္ကလာပမင်းကြီးနှင့် အဘသုဝဏ္ဏသူဌေးကြီးထံသို့ ဆံတော်ပင့်ဆောင်ခဲ့သော အကြောင်းကို ကြားသိစေလေ၏။ မင်းကြီးလည်း အလွန်ဝမ်းမြောက်လှ သဖြင့် သုဝဏ္ဏသူဌေးကြီးနှင့် တိုင်ပင်ကာ ခေါဘဏိတပ်ခင်းကျင်း၍ စစ်ဗိုလ်ပေါင်း ၁၀၀၀ တို့ဖြင့် (၁၀၃)ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၅)ရက်၊ စနေနေ့တွင် ဒဂုံမြို့ ယခု ဗိုလ်တထောင်စေတီတည်ရှိရာ အရပ်မှ ရေသို့ဆင်း၍ ကြိုဆိုပင့်ဆောင်တော်မူကြပြီး ၎င်းဆိပ်ကမ်း၌ပင် ပြုပြင်ဆောက်လုပ်ထား အပ်သော ရတနာပြဿဒ်မဏ္ဍပ်တော်အတွင်း၌ ကိန်းဝပ်စေတော်မူ၏။
ဆံတော်ရှစ်ဆူ မလျော့ခြင်း
တဖုဿ-ဘလ္လိကညီနောင်တို့က လမ်းခရီး၌ အဇ္စျတ္တနဂရအကောက်မင်းကြီးက ဆံတော် ၂ ဆူ ကိုအကောက်တော်အဖြစ် အတင်းပင့်ယူလိုက်ကြောင်း၊ နာဂရာဇ်မော်အငူမှ ဇေယျသေနနဂါးမင်း ကလည်း ဆံတော် ၂ ဆူကို တိတ်တဆိတ် ခိုးယူလိုက်ကြောင်းများကို ကြေကွဲဝမ်းနည်းစွာဖြင့် မင်းကြီး အား သံတော်ဦးတင်ကြကုန်၏။ မင်းကြီးလည်း “မိမိတို့ ကိုးကွယ်ပူဇော်ထိုက်လျှင် မြတ်စွာဘုရား ပေးသနားတော်မူလိုက်သည့်အတိုင်း ကိုးကွယ်ကြရမည်သာတည်း”ဟုအောက်မေ့ဓိဌာန်၍ ကြုတ်တော် ကိုဖွင့်လိုက်ရာ “ဣဒ္ဓိဝိ သယော အစိန္တယော” “တန်ခိုးအရာ မကြံသာ” ဟူသည်နှင့်အညီ ဆံတော် မလျော့ဘဲ(၈)ဆူအတိုင်းသာ ဖူးတွေ့ရသဖြင့် လွန်မင်းပြင်းပြဝမ်းသာတော်မူလှပြီး စံပယ်ရာအရပ် ရတနာမဏ္ဍပ်တော်၌ပင်(၆)လတိုင် ကြီးစွာသော သဘင်ပွဲကို ဆင်နွဲပူဇော်လေ၏။
ဆံတော်တစ်ဆူစီ ရကြပုံ
ဤသို့ ထူးခြားကြီးကျယ်စွာ(၆)လတိုင်တိုင် ဆံတော်ပူဇော်ပွဲကို ဆင်နွဲကျင်းပပြီးနောက် မြတ်စွာဘုရားပေးအပ်တော်မူလိုက်ရင်းဖြစ်သော တဖုဿ-ဘလ္လိကညီနောင်တို့အား ဥက္ကလာပမင်းကြီး ကဆံတော် တစ်ဆူစီကို ခွဲဝေပေးတော်မူလေ၏။ကျောက်စာ၊ ရာဇဝင်၊ သမိုင်း၊ စာစောင်စသည်တို့တွင်——(မလျော့ခြင်း)
တဖုဿ နေရာသတ်မှတ်ခြင်း
တဖုဿ-ဘလ္လိကတို့လည်း မိမိတို့လက်ဝယ်ရရှိထားသော ဆံတော် ဓါတ်တော်ကို ဌာပနာ၍ စေတီ တည်ထားရန် နေရာရွေးချယ်ရာ တဖုဿက (၆)လတိုင်တိုင် ဆံတော်ဓါတ်(၈)ဆူတို့ ကိန်းဝပ် စံပယ်တော်မူရာအရပ်၌ အမှတ်တရ ကျောက်တိုင်စိုက်ထူးထားသကဲ့သို့ နောင်လာနောက်သားတို့ သိရှိကြစေရနအတွက် ယခု ဗိုလ်တထောင်စေတီတည်ရှိရာအရပ် ရတနာမဏ္ဍပ်နေရာကို ရွေးချယ် သတ်မှတ်လေ၏။
ဘလ္လိက နေရာသတ်မှတ်ခြင်း/ ကျိုက်ပါစေတီတည်ခြင်း
ဥက္ကလာပမင်းကြီး မိဖုရားမှစ၍ မူးမတ်ဗိုလ်ပါအများနှင့် တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် ဗိုလ်တထောင်မှ သိင်္ဂုတ္တရကုန်းတော်သို့ ဆံတော်များပင့်ဆောင်လာရာ ဆူးလေကုန်းတော်အရောက် တွင်ရွှေဝေါတော်ပြဿဒ်တထောက်ရပ်နားစဉ် ဆူးလေနတ်မင်းကြီးက သိင်္ဂုတ္တရကုန်းတော်ကိုလက်ဆန့် ညွှန်ပြသည်ဟု ကြီးငါးကြီးဘုရား ရှေးဟောင်းပန်းချီကား အထောက်အထားများအရ သိရှိရပါသည်။
ဘလ္လိကသည် ဆူးလေကုန်းတော်၌ ကျိုက်ပါစေတီတော်ကိုတည်၏။ ၎င်းစေတီကို ကိုဖျက်၍ ဒွတ္တပေါင်မင်းကြီး ဆံတော်ကို ပင့်သွား၏။ ၎င်းကျိုက်ပါစေတီပျက်နေရာတွင် နှစ်ပေါင်း(၃၀၀)ကျော်မှ ဘောဂသေနမင်းကယခုလက်ရှိ ဆူးလေစေတီကိုတည်၏ဟု အဓိပ္ပါယ်ရောက်၏။ (ကြီးငါးကြီး ရှေးဟောင်းပန်းချီနှင့် ဗိုလ်တထောင်သမိုင်းမှ)
ပင်ဆောင့်စဉ် တန့်တော်မူခြင်းနှင့် ငါးဆူကုန်း(ယခုကြီးငါးကြီး ဆုတောင်းပြည့်ဘုရားကုန်းတော်)တွင် ဆံတော်မြတ်များကို ခေတ္တပူဇော်ထားရှိခြင်း
ဥက္ကလာပမင်းကြီး မိဖုရားမှစ၍ မူးမတ်ဗိုလ်ပါအများနှင့် တဖုဿနှင့်ဘလ္လိကညီနောင်တို့သည် ဆူးလေနတ်မင်းကြီး ညွှန်ပြသည့်အတိုင်း သိင်္ဂုတ္တရကုန်းတော်သို့ ဆံတော်မြတ်(၈)ဆူကို ပင့်ဆောင် လာစဉ် ရွှေတိဂုံဘုရားလမ်း(တောင်ဘက်မုခ်အနီး)တွင် ရွှေဝေါတော်ပြဿဒ် ရပ်တန့်တော်မူသည့် အတွက် တန့်တော်မူစေတီဟု တည်ထားပူဇော်ခဲ့ကြ၏။
ထိုမှ ငါးဆူကုန်းတော် ယခု ကြီးငါးကြီး ဆုတောင်းပြည့်ဘုရားကုန်းတော်တွင် ဆံတော်မြတ် များခေတ္တစံပယ်တော်မူ၏။(ကြီးငါးကြီးဘုရားရှေးဟောင်းပန်းချီကားအထောက်အထား)
ရွှေတိဂုံစေတီတော်တည်ရန် မြေညှိပြုပြင်ခြင်း
ဥက္ကလာပမင်းကြီးနှင့်တကွ တဖုဿ-ဘလ္လိကညီနောင်နှင့် မူးမတ်ဗိုလ်ပါစုံညီစွာဖြင့် သိင်္ဂုတ္တရ ကုန်းတော်မြတ်အား မြေညှိပြုပြင်နေကြ၏။ (ကြီးငါးကြီးဘုရားရှေးဟောင်းပန်းချီကား အထောက် အထား)
ရွှေတိဂုံစေတီတော် စတင်တည်ထားခြင်း
ဥက္ကလာပမင်းကြီး၊ တဖုဿ-ဘလ္လိက တို့ ကြီးကြပ်ကာ လူရောနတ်ပါ တည်ထားကြကုန်၏။ (ကြီးငါးကြီးဘုရားရှေးဟောင်းပန်းချီကားအထောက်အထား)
ဆံတော်မြတ်များအား ဌာပနာတော်မူခြင်း
ရွှေတိဂုံစေတီတော်မြတ်တည်၍ ပဌမပစ္စယံ အပြီးတွင် ဥက္ကလာပမင်းကြီး၏ ပရိတ်သတ်နှင့် တဖုဿနှင့် ဘလ္လိကပါ နတ်ဗြဟ္မာ အများဝိုင်း၍ ဆံတော်များကို ဌာပနာ ထည့်သွင်းပူဇော်ကြကုန်၏။(ကြီးငါးကြီးဘုရားရှေးဟောင်းပန်းချီကားအထောက်အထား)
ရွှေတိဂုံစေတီတော်မြတ် ပြီးမြောက်အောင်မြင်ခြင်း
ရွှေတိဂုံစေတီတော်ပြီးမြောက်၍ ဥက္ကလာပမင်းကြီးနှင့် မိဖုရား မူးမတ်စုံညီ တဖုဿ၊ဘလ္လိက မှစ၍ လူထုအများ ကြည်ညိုနေကြရာတွင် နတ်ဗြဟ္မာများကလည်း ကောင်းကင်မှ ကြည်ညိုနေကြ ကုန်၏။ (ကြီးငါးကြီးဘုရားရှေးဟောင်းပန်းချီကားအထောက်အထား)
စစ်ကိုင်းမင်း လှည့်လည်တော်မူခြင်း
စင်္ကြာမင်းကလေး၏ ခမည်းတော် စစ်ကိုင်းမင်းသည် ကရဝိတ်ဖောင်တော်ဖြင့် လှေငယ်များ ဝန်းရံကာ ဧရာဝတီမြစ်ကြောင်းအတိုင်း စုံဆင်း၍ တိုင်းခန်းလှည့်လည်ကာ တွံတေးရွှေဆံတော်ဘုရား ကိုပူဇော်ခြင်း၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဘုရားကိုလှည့်လည်ပူဇော်ခြင်း၊ တွံတေးရွှေဆံတော် ဘုရားဖူးမြော်ခြင်း၊ ဗိုလ်တထောင်ဘုရားဖူးမြော်ခြင်း၊ ဆူးလေစေတီဖူးမြော်ခြင်း၊ ရွှေတိဂုံစေတီတော် ဖူးမြော်ခြင်းနှင့် ငါးဆူကုန်းတွင် ဆံတော်နားစေတီတည်ထားပြီးမူးမတ်ဗိုလ်ပါတို့နှင့် ဖူးမြော်ကြည်ညို ကြပါသည်။
နွားသတ်ကုန်း
အင်္ဂလိပ်စစ်သားတို့သည် ဆံတော်နားစေတီကို ဖြိုဖျက်၍ နွားသတ်ကုန်း ပြုလုပ်ကာ နွားများကို တုပ်နှောင်သတ်ဖြတ်ပြီး အမဲသားများကို အင်္ဂလိပ်စစ်စခန်းများသို့ ပို့ဆောင်ပေးသည့် ထောက်ပံ့ရေးစခန်း ပြုလုပ်ခဲ့ကြသည်။(ကြီးငါးကြီးဘုရားရှေးဟောင်းပန်းချီကားအထောက်အထား)
ငွေစာရင်းမင်းကြီး ဦးဘခင်
စစ်ကိုင်းမင်းတည်ထားခဲ့သော ဆံတော်နားစေတီတော်အား အင်္ဂလိပ်တို့ဖျက်ဆီး၍ နွားသတ်ကုန်း ပြုလုပ်ထားသောနေရာတွင် အင်္ဂလိပ်တို့ ဆုတ်ခွာပြီးချိန်အခါ၌ ငွေစာရင်းမင်းကြီး ဦးဘခင်က ဆယ်တောင်ပြည့် စေတီတော်တစ်ဆူတည်ထားခဲ့ကြောင်းသိရသည်။
စစ်ကွင်းဆရာတော်
စစ်ကွင်းဆရာတော်သည် မိုးညိုမြို့ဇာတိဖြစ်ပြီး ခမည်းတော်အမည် ဦးသာကလေး ဖြစ်ပါ သည်။ ငယ်စဉ်က အသားအရေကျစ်လျစ်ပြီး ကိုယ်လုံးကိုယ်ပေါက် လုံးလုံးလေးဖြစ်နေသောကြောင်း ချစ်စနိုးဖြင့် မဲလုံးဟုခေါ်ဆိုခဲ့ကြသည်။ ခမည်းတော် ဦးသာကလေးသည် စစ်ကွင်းမြို့ ထန်းပင်ကွင်း ဆရာတော်ထံတွင် အပ်နှံကာ ရှင်သာမဏေပြုပေးခဲ့ပါသည်။ ဘွဲ့အမည် ရှင်စန္ဒောဘာသ ဖြစ်ပါ သည်။ ရှင်စန္ဒောဘာသသည် အသက်(၂၀)အရွယ်တွင် မြင့်မြတ်သောရဟန်းဘဝသို့ ရောက်ရှိတော်မူခဲ့ပါသည်။ စစ်ကွင်းဆရာတော်ကို ပဌမံ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်အဖြစ် တပည့် ဒါယကာ၊ဒါယိကာမများက ယုံကြည်ကိုးကွယ်ခဲ့ကြပါသည်။
စစ်ကွင်းဆရာတော်၊ ငွေစာရင်းမင်းကြီး ဦးဘခင်
စစ်ကွင်းဆရာတော်ဘုရားသည် ဝိဇ္ဇာဂိုဏ်းဖြစ်၍ ကျိုက်ထီးရိုးဘုရားသို့ စာအုပ်စာတမ်း များယူရန် ခဏချင်းသွားနိုင်ပြန်နိုင်ကြောင်း တန်ခိုးကြီးကြောင်း သိလာကြသောအခါ လူအများ ကြည်ညိုကြ၍ ဘုရားတွင် စည်ကားလာကာ လူသိများလာခဲ့သည်။ စစ်ကွင်းဆရာတော်သည်လည်း ဩဇာရှိလာခဲ့သည်။ ထိုအချိန်တွင် ငွေစာရင်းမင်းကြီး ဦးဘခင်က မိမိလှူ ထားသောစေတီတော် ဖြစ်ကြောင်း ဆရာတော်နှင့်မသက်ဆိုင်ကြောင်း ကန့်ကွက်သောအခါ ဆရာတော်က အထက်က စေခိုင်း၍ ကုသိုလ်ပြုဆောင်ရွက်ရကြောင်း ပြန်လည်ဖြေကြားသည်။ သို့သော် ငွေစာရင်းမင်းကြီး ဦးဘခင်က ရွှေတိဂုံစေတီတော် အထက်ပစ္စယံတွင် အဓိဌာန်ဖြင့် ဖယောင်းတိုင်ထွန်းရန် လျှောက်ထား ရာသဘောတူခဲ့ကြပါသည်။ ငွေစာရင်းမင်းကြီးဦးဘခင်ကစတင်၍ ဖယောင်းတိုင်ထွန်း၍ အဓိဌာန် ပြုရာမီးခြစ်ဆံများကျိုးပြီး မီးညှိ၍ မရနိုင်ကြောင်း စစ်ကွင်းဆရာတော်၏ ဖယောင်းတိုင်မှ အစအဆုံး ထိမီးပူဇော်နိုင်ခဲ့ကြောင်း ထိုသို့ မီးပူဇော်နေခြင်းကို စစ်ကွင်းဆရာတော်နှင့် ငွေစာရင်းမင်းကြီး ဦးဘခင်အဖွဲ့တို့ အစမှအဆုံး ကြည့်ပြီးသောအခါ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ ဆုံးဖြတ် ပေးမှုကြောင်း ငွေစာရင်းမင်းကြီးဦးဘခင်နှင့် ဦးနုတို့က စစ်ကွင်းဆရာတော်အား ဆက်လက်သာသနာ ပြုရန်လျှောက်ထားပြီး စေတီတော်၏အနောက် ဘက်တွင် ဗောဓိပင်တစ်ပင်စိုက်ပျိုးလှုဒါန်းခဲ့ကြောင်း သိရပါသည်။
စစ်ကွင်းဆရာတော်နှင့်ဝန်ကြီးများ
စစ်ကွင်းဆရာတော်ဘုရားထံ ဦးဘခင်နှင့် ဝန်ကြီးချုပ်ဦးနုတို့က ဆံတော်နားစေတီအား ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဆက်လက်သာသနာပြုရန် လျှောက်ထားသည့် အခန်းအနားအား ခမ်းနားထည်ဝါလှသော တိုက်ခန်းအတွင်းတွင် ဝန်ကြီးများစုံညီစွာဖြင့် စစ်ကွင်းဆရာတော်အား လျှောက်ထားအပ်နှံခဲ့ကြ ပါသည်။
ရုပ်ပွားတော်လေးဆူတည်ထားပူဇော်ခြင်း
စစ်ကွင်းဆရာတော်က ၁၉၅၀ ခုနှစ်ခန့်တွင် အလယ်ဗဟိုစေတီတော်ကြီးအားခြံရံလျက် ရုပ်ပွားတော်လေးဆူ(ပွင့်ပြီးဘုရားလေးဆူ) တည်ထားပူဇော်ခဲ့ကြောင်းသိရသည်။(ကြီးငါးကြီးဘုရား ရှေးဟောင်းပန်းချီကားအထောက်အထား)
သံတန်ဆောင်းတော်ကြီး
ဆရာတော်သည် သံတန်ဆောင်းတော်ကြီး တည်ဆောက်၍ ဘုရားဖူးအများပြည်သူများ စိတ်ချမ်းသာစွာ ဖူးမြော်နိုင်ရန် ဆောင်ရွက်ပေးတော်မူကြောင်း သိရပါသည်။ (ကြီးငါးကြီးဘုရား ရှေးဟောင်းပန်းချီကားအထောက်အထား)
ကြီးငါးကြီးအဓိဌာန်ဝင်ပုံ
စာရေးဆရာကြီး သုတေသီမြင့်ထွန်းက ကြီးငါးကြီးအဓိဌာန်ဝင်ပုံများကို ရေးသားဖော်ပြခဲ့ သောကြောင့် ဘုရားဖူးများက ဆုတောင်းပြည့်ကာ တနင်္ဂနွေအပတ်စဉ်တိုင်း ယနေ့အချိန်အထိ စည်ကား လျက်ရှိပါသည်။
အဓိဌာန်ဝင်ပုံမှာ တနင်္ဂနွေနေ့ နံနက်(၁၁း၀၀)နာရီတိတိအချိန်တွင်
(၁) အရှေ့အရပ်ဆင်းတုတော် ကကုဿာန်မြတ်စွာဘုရား ကြီး
(၂) တောင်အရပ်ကဆင်းတုတော် ကောဏဂုံမြတ်စွာဘုရားကြီး
(၃) အနောက်အရပ်ကဆင်းတုတော် ကဿပမြတ်စွာဘုရားကြီး
(၄) မြောက်အရပ်ကဆင်းတုတော် ဂေါတမမြတ်စွာဘုရားကြီး
(၅) အလယ်ဗဟိုစေတီတော် အရိမေတ္တယျမြတ်စွာဘုရားကြီး
(၁၀၈)လုံး ပုတီးကုန်းဖြင့် သံ၊ ဂုံ၊ ပ၊ မ၊ ယျ ဟု ပုတီးတစ်လုံးချကာ ဘုရားတစ်ဆူတွင် ပုတီး(၁)ပတ် စိတ်၍ ဘုရားငါးဆူတွင် ပုတီး(၅)ပတ်စိတ်၍ လိုသောဆုတောင်းကာ အဓိဌာန်ပြုကြခြင်းဖြစ်ပါသည်။ အဓိဌာန်ပြုသူများ၏ အဓိဌာန်ပြည့်ကြောင်း ပြောကြားကြပါသည်။ ဂေါပကအဖွဲ့နှင့် အလှူရှင်များက အဓိဌာန်ဝင်သူဘုရားဖူး(၄၀၀)ခန့်အား တနင်္ဂနွေအပတ်စဉ်တိုင်း အာဟာရ ထမင်း/ဟင်းများဖြင့် ယနေ့ ထိတိုင် ကုသိုလ်ပြု ကျွေးမွေးလှူဒါန်းလျက်ရှိပါသည်။အပတ်စဉ် တနင်္ဂနွေနေ့ နံနက်(၁၁)နာရီတိတိတွင် ကြီးငါးကြီးဆုတောင်းပြည့်ဘုရား ရင်ပြင်တော်တွင် အဓိဌာန်ဝင်ဘုရားဖူးများဖြင့် အထူးစည်ကားလှပါသည်။ နေရာမရမှာစိုး၍ နံနက် (၉)နာရီကျော် ကတည်းက ဘုရားဖူးများ တဖွဲဖွဲရောက်ရှိကြသည်။ ဘုရား၏ အရှေ့ဘက်ရင်ပြင်တော် ကကုဿန် မြတ်စွာဘုရားရှေ့တော်မှ စတင် အဓိဌာန်ပြုရသည် ဖြစ်သောကြောင့် ဘုရားဖူး ၄၀၀ ခန့် တို့သည် နံနက် (၁၁း၀၀)နာရီတိတိအချိန်ကို စောင့်နေကြသည်။ ၁၁ နာရီတိတိအချိန်ရောက်သည်နှင့် အလှည့်ကျ လုံခြုံရေးဝန်ထမ်းက ရတနာရွှေမောင်းတော်ကြီးအား တီးလိုက်သည်နှင့်တပြိုင်နက် ဆုတောင်းမေတ္တာပို့ သကာ သံ၊ ဂုံ၊ ပ၊ မ၊ ယျ ဟု ပွင့်ပေါ်ပြီးသော ဘုရားရှင်မြတ်လေးဆူနှင့် နောင်ပွင့် တော်မူမည့်ဘုရားရှင်တို့၏ ဂုဏ်တော်တို့ကို အရုဏ်ပြုကာ ပုတီးတစ်လုံးချ၍ ပုတီးတစ်ပတ်ပြည့်လျှင် လိုသော ဆုတစ်ဆုကိုတောင်းကာ တောင်ဘက်အရပ်ရှိ ကောဏဂုဏ်မြတ်စွာဘုရားရှေ့တော်တွင် လည်းကောင်းပြီးနောက် အနောက်ဘက်အရပ် ကဿဖဘုရားရှင်ရှေ့တော်တွင်လည်းကောင်း ပြီးနောက် မြောက်အရပ် ဂေါတမမြတ်စွာဘုရားရှင် ရှေ့တော်တွင်လည်းကောင်း ပြီးနောက် မိမိမွေးနံ ဒေါင့်ရှိ နောင်ပွင့်တော်မူမည့် အရိမေတ္တယျ မြတ်စွာဘုရားရှင်၏ဂုဏ်တော်ကို အရုဏ်ပြု၍ လည်းကောင်း ၅ နေရာတွင် တူညီသော ဆုကိုတောင်း၍ အဓိဌာန်ပြုကြရာ အဓိဌာန်အောင်မြင်သူ ဘုရားဖူးများဖြင့် “အလွန်စည်ကား ကြီးငါးကြီးကျား” ဟုပင် တင်စားခေါ်ဝေါ်ကြပါသည်။
တည်နေရာပြ အညွှန်း
ကြီးငါးကြီးဆုတောင်းပြည့်ဘုရားသည် ရွှေတိဂုံဘုရားမြောက်ဘက်မုဒ်တွင် တည်ရှိနေသည့် စေတီတော်ကြီး ဖြစ်ပါသည်။
