ငှက်ပျောဖူးတည်ဆောက်ပုံ

              ဓနုတ်စေတီ အကြိမ်ကြိမ်ပြိုကျခဲ့ရာတွင် အများအားဖြင့် သပိတ်မှောက်အထက်မှ ကြာမှောက်ကြာလန် ငှက်ပျောဖူး ထီးတော် အပိုင်းတို့ဖြစ်သည်။ ဆရာတော်သည် သာသနာ (၅၀၀၀)ကာလကြာ တည်တံ့ခိုင်မြဲစွာ တည်ရှိရန် အဓိဋ္ဌာန်ပြုတည်ဆောက်လေ့ရှိရာ အလားတူတည်တံ့နိုင်ရေးအတွက် ပစ္စယာအဆင့်ဆင့်မှ အထက်အထိသံပင် သံချောင်း သဲ ကျောက် ဘိလပ်မြေ အချိုးညီစွာ အသုံးပြု တည်ဆောက်စေခဲ့သည်။ ရာသီဥတု လေဒဏ် မိုးဒဏ် ကြံ့ကြံ့ခိုင်နိုင် ရန် ငှက်ပျောဖူးနှင့် ထီးတော်အပိုင်းကို ဦးစားပေးပြုလုပ်စေခဲ့သည်။ ရိုးရိုးသံပင်သံချောင်းကို အသုံးမပြုဘဲ စတီးပြား စတီးပိုက်လုံးကို အစားထိုးဆောင်ရွက်စေခဲ့သည်။ စက်ယန္တရားများဖြင့် ထီးတော် တင်လှူရန် အမြဲဆောင်ရွက်ခဲ့သူ၊ ပန်းလည်တိုင်စိုက်ထူတိုင်း တာဝန် ယူ ဆောင်ရွက်ခဲ့သူမှာ ဦးမောင်အေးနှင့် ဦးကျော်ဇင်တို့အဖွဲ့ဖြစ် သည်။ ပန်းလည်တိုင်ခေါ် ပိန္နဲတိုင်အဖြစ် ၄-လက်မစတီးလုံး စတီး ဘွတ် အမြင့်ပေ (၃ဝ)ကျော် စိုက်ထူပြီး ငှက်ပျောဖူးကို စတီးပြား အသုံးပြု၍ အောက်ခြေအဝ (၅)ပေအလည်(၈)ပေ အထက်အဝ (၃-ပေခွဲ) အမြင့်ပေ(၃၁ )အထိ ကွန်ကရစ်လောင်းထားပြီး ကာဘာဖုံး အဖြစ် စတီးပြားကွပ်ထားကာ အပေါ်မှ စတိန်းလက်စတီး ရွှေရောင် ပြား ထပ်ထားသောကြောင့် လေဒဏ် မိုးဒဏ် ကြံ့ကြံ့ခိုင်ခိုင်ရှိလှသည်။ ပန်းလည်တိုင်အတွက် ပြန်လည်ပြုပြင်ရန်မလိုအောင် တည်ဆောက်ထားခဲ့သည်။