သာသနာအောင်မြေ အချက်အချာဗွေ
မင်းနေပြည်တော်လိုနေရာမျိုးကို တည်ထောင်ကြရာ၌ အောင်မြေကိုရှာဖွေပြီး ထူးခြားသော အတိတ်ထူး နိမိတ်ထူးများအရ တည်ထောင်လေ့ရှိကြောင်း ဗုဒ္ဓဝင်ရာဇဝင်များ၌ သိရှိနိုင်ကြသည်။ ကျားကို သမင်ပြန်လိုက်ခြင်း၊ သိန်းစွန်ငှက်ကို ငှက်ငယ်ကပြန် လိုက်ခြင်း၊ မြွေကို ဖားနှင့်ကြွက်တို့ ပြန်ရန်ပြုခြင်း စသော နိမိတ်ထူး ဖြစ်ပွားသောအရပ်ကို ရှာဖွေပြီး ထီးနန်းစိုက်ကြသည်။ ဗုဒ္ဓဝင်၌ ကမ္ဘာဦးစတင်ဖြစ်ပေါ်ခဲ့သော ဗုဒ္ဓတိုင်း သစ္စာလေးပါးသိရာ ဗောဓိပင်နေရာကို ရွေးချယ်ပြီးမှသာ အောင်မြေမှာနေလျက် ဘုရားအဖြစ်ရောက်အောင် အားထုတ်ကြရသည်။ အနန္တရတ္တဘဝ မိခင် ဖခင်တို့အကူအညီဖြင့် သာသနာအောင်မြေအဖြစ် ကျိုက်ထီးဆောင်း ဆံတော်ရှင် ကိန်းဝပ်စံပယ်ရာ တောင်ကုန်းးတော်ကို သာသနာပြုရန် ဗဟိုမဏ္ဍိုင်အောင်မြေနေရာအဖြစ် ရွေးချယ်ခဲ့ရ သည်။ ဆရာတော်သည် ဆံတော်စေတီများ ပြိုပျက် တောချုံဖုံး ပျောက်ကွယ်နေသည်ကို ဖွင့်ဖော်ရာဝယ် ထီးတို့သည် ဗဟိုမဏ္ဍိုင်ရှိမှ ခရိုင်ပမာ ဖြန့်ကြက်နိုင်မည်ဟု ဆင်ခြင်လျက် ကျိုက်ထီးဆောင်း စေတီကို မဏ္ဍိုင်အဖြစ် သတ်မှတ်ကာ သီတင်းသုံးခဲ့သည်။
ဇုတ်သုတ်ရွာဒေသ၌ ဘုရားရှင် (၈)ဝါရချိန်က ကိုယ်တော်တိုင် ကြွလျက် ခြေတော်ချခဲ့ရာဒေသဖြစ်ခဲ့သည်။ သာသနာနှစ် (၂၃၅) ခုနှစ်က ရှင်သောဏ ရှင်ဥတ္တရ မထေရ်မြတ်တို့ သီတင်းသုံး သာသနာပြုရာဖြစ်ခဲ့သည်။ အရှင်မဟာနုရုဒ္ဓါ အမှူးပြုသော ရဟန္တာ အရှင်မြတ် (၆)ပါးတို့ ကိုယ်တိုင်ကြွရောက်လာပြီး ဆံတော် (၆)ဆူကို စေတီတည်ထားခဲ့ရာ ဖြစ်ခဲ့သည်။ ဓာတုဝံသပါဠိ၌ “မမ ပရိနိဗ္ဗာန-တော ဟိ အာနန္ဒ ပဉ္စဝဿသဟဿာနိ မမ သာသနံ ပတိဋ္ဌိတံ ဘဝိဿတိ။ ဣမာ ဆ ကေသဓာတုယော ပဉ္စသတာဓိကဒွိသဟဿဝဿာနိ ဒုက္ခိတာ ဘဝိဿန္တိ။ တတောပရံ မဟာ ပူဇာ သက္ကာရော ဘဝိဿတိ။ ဧကသ္မိံ စေတိယေ မဟာသတ္တဗန္ဒိယံ ဘဝိဿတီ”တိ ဗျာကာသိ-
(၁) အာနန္ဒာ! ငါဘုရား ပရိနိဗ္ဗာန်စံပြီးနောက် ငါဘုရား၏ သာသနာတော်သည်အနှစ်(၅၀၀၀)ပတ်လုံး တည်ရစ် လတ္တံ့။
(၂) ခြောက်ဆူသောဆံတော်စေတီတို့ကား ရှေ့ပိုင်း သာသနာ (၂၅ဝဝ)ကာလပတ်လုံး ဆင်းရဲကုန်လတ္တံ့ (ဝါ) ပူဇော်မှု နည်းပါးလတ္တံ့။
(၃) နှစ်ပေါင်း (၂၅ဝဝ)လွန်သောအခါ ကြီးစွာသော ပူဇော် သက္ကရခံရလတ္တံ့။
(၄) တစ်ဆူသော ဆံတော်စေတီဝယ် လူများစွာဖြင့် အဖွဲ့အစည်း ပြုနေထိုင်ကြပြီး ဆံတော်စေတီများကို ပူဇော်ကြလတ္တံ့။
ဤဗျာဒိတ်စကားကို မိန့်ကြားတော်မူခဲ့သည့်အတိုင်း ကျိုက်ထီးဆောင်းစေတီခြေတော်ရင်းဝယ် ဗဟိုမဏ္ဍိုင်ပြု သီတင်းသုံးခဲ့ခြင်း ဖြစ်သည်။ လူမှန်နေရာမှန်ခဲ့ပေပြီ။ကျိုက်ထီးဆောင်းဆံတော် ကိန်း ဝပ်စံပယ်တော်မူရာ မြဦးတောင်တော်ကား သာသနာအောင်မြေ အချက်အချာဗွေ ဖြစ်ခဲ့ပေသည်။