အနောက်ဘက်အာရုံခံတန်ဆောင်း

           အနောက်ဘက်အာရုံခံတန်ဆောင်းမှာ ခနောင်တိုစပယ်ခြံ ရွာသစ်ကလေးမှ သူဌေး ဦးမြတ်မင်း ဒေါ်သဲငွေ မိသားစုတို့က ၁၂၈၇-ခုနှစ်တွင် တောင်ဘက်အာရုံခံတန်ဆောင်းပုံစံလိုပင် ပြာသာဒ် ဘုံဆောင် အဆင့်ဆင့်မြင့်မားခံ့ညားလှသော အဆောက်အအုံ ဖြစ်သည်။ သစ်သား ပန်းတောင် ပန်းဆွဲများ၊ ဝေသန္တရာဇာတ်ကွက် ညီတော်မင်းနန်ချွတ်ခန်း ရုပ်ထု ရုပ်ကြွများဖြင့် ထုလုပ် ထားရာ ပန်းပုပညာဗိသုကာပညာ အဆင့်မြင့်ခဲ့ပုံကို ဖော်ပြလျှက် ရှိသည်။ ပြာသာဒ်ဆောင်အတွင်း မှန်စီတိုင်, အုတ်နံရံပလ္လင်တို့မှာ စိန်ရောင် တောက်ပနေသည်။ ပလ္လင်ထက်ဝယ် (၁ဝ)ပေခန့် ကြေး ဆင်းတု တော်မှာ ဘူမိဖဿမုဒြာပုံတော် ဖြစ်ပြီး စမ္မခဏ်ဝယ် ၁၂၉၁-ခုနှစ်၊ ဦးမြတ်မင်း ဒေါ်သဲငွေ မိသားစု ကောင်းမှု ကမ္ဗည်းကို တွေ့မြင် ရသည်။
              ၁၃၄၁-ခုနှစ်တွင် လေမုန်တိုင်းဒဏ်ကြောင့် တန်ဆောင်း ပြိုကျခဲ့ရာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းနေ ဦးတင်ဝင်းမှ ပြန်လည်ပြုပြင်ခဲ့သည်။ ၁၉၉၅-ခုနှစ်၊ မတ်လ (၅)ရက်နေ့တွင် ဒုတိယဗိုလ်မှူးကြီးဘလွင် ဇနီး ဒေါ်ရင်မေ။ လပ်ကီးစတား ဦးမောင်မောင်ကြီး၊ ဒေါ်အေး ရန်ကုန်မြို့၊ အင်းလျားလမ်း ဦးပြည်စိုး၊ ဒေါ်မြင့်မြင့်သန်းမိသားစုတို့ ထပ်မံပြင်ဆင်ခဲ့ကြပြန်သည်။             

               စေတီတော်ကြီး၏ အနောက်ဘက်အာရုံခံတန်ဆောင်းကြီး မှ ဆင်းကာ အနောက်ဘက်မဟာရံတံတိုင်း အနောက်ဘက်ပေါက် သို့ ထွက်လျှင် ခြင်္သေ့နှစ်ကောင်ရွယ်တူတွေ့ရသည်။ ကိုက် (၃ဝ)ကွာ ဝယ် တောင်မြောက်စီးဆင်းနေသော ဓနုတ်ချောင်းကို တွေ့ရသည်။ ရှေးအခါက ဓနုတ်ချောင်းအတိုင်း စုန်သွားလျှင် သခွတ်ပင်ရွာနှင့် သခွတ်မြစ်ကိုရောက်နိုင်သည်။ ထိုမှပင်လယ်ဝသို့ ထွက်ပြီး ရန်ကုန်မြို့သို့ ရေကြောင်းခရီးမှသွားကြရသည်။ ဓနုတ်ချောင်းကား ရေစီး မြောင်းမျှသာကျန်ရှိသည်။ ၁၀-ပေခန့်အကျယ်ရှိသည်။ အနောက် ပေါက်အထွက် ယာဘက်ဝယ် ဓနုတ်ဘုရားဘုန်းတော်ကြီးကျောင်းကို တွေ့ရသည်။ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရကား မိုးကုတ်ကမ္မဋ္ဌာနာစရိယ ဖြစ်သည်။ မြောက်ဘက်သို့ အတန်ငယ်သွားလျှင် လူ(၃)ယောက် ဖက် ပင်စည်ရှိ ခရေပင်ငုတ်တိုကြီးကို တွေ့ရသည်။ အနီးဝယ် လွန်ခဲ့ သော ၁၃၂၀-ခုနှစ်ခန့်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုလက်ထက် နိုင်ငံတစ်ဝှန်း တန်ခိုးကြီးဘုရားအနီး သဲပုံစေတီများ တည်ထားခဲ့ ဖူးသည်။ ဓနုတ်စေတီတော်၏ ရာဟုထောင့်ဝယ် (၉)တောင်ပြည့် သဲပုံစေတီမှာ သစ်သားပြားခံ၍ ပစ္စယံပြုလုပ်သောကြောင့် နောင်သော အခါ သဲပုံစေတီအမည်ပျောက်ပြီး သစ်သားပုံစေတီအမည် ဖြစ်လာခဲ့သည်။ ၁၃၅ဝ-ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဦးမင်းမောင်၊ ဒေါ်တိုးတို့က အုတ်စေတီအဖြစ်ငုံကာ စေတီတည်ထားခဲ့ကြသည်။