တောင်ဘက်အာရုံခံတန်ဆောင်း

            တောင်ဘက်အာရုံခံကြီးမှာ ၁၅-ပေအမြင့်ရှိ မှန်စီတိုင်များနှင့် ဘုံအဆင့်ဆင့် ပြာသာဒ်ဆောင်ဖြစ်ပြီး အုတ်ပလ္လင်များလည်း မှန်စီ ဂန္ဓကုဋိတိုက်မှာလည်း မှန်စီဖြစ်၍ အရောင်တဖိတ်ဖိတ်ကျက်သရေ ရှိလှသည်။ မှန်စီပလ္လင်ပေါ်ဝယ် ဉာဏ်တော် (၉)ပေခန့် ဘူမိဖဿမုဒြာကြေးဆင်းတုတော်ကို ဖူးတွေ့ရသည်။ အလှူရှင်မှာ ရခိုင်ချောင် ရွာ ဦးကုလား ဒေါ် အောင်မိသားစုတို့က ၁၂၉၀-ပြည့် တပို့တွဲလ ဆုတ် (၄)ရက်နေ့တွင် ပူဇော်ကြောင်း ဆင်းတုစမ္မခဏ်တွင် ရေးထိုး ထားသည်ကို တွေ့ရသည်။ အမြင့်တွင် ပန်းချီကားများတွင် ဒီပင်္ကရာ ဘုရားရှင်ရှေ့ ဝမ်းလျားမှောက် သုမေဓာရှင်ရသေ့နှင့် သုမိတ္တာအမျိုးသမီး ကြာပန်းခိုင်ဖြင့် ပူဇော်နေချိန် နိယတဗျာဒိတ်ခံယူခန်းနှင့် အလောင်း တော်သေတကေတုနတ်သားအား လူပြည်ဆင်း၍ ဘုရားအဖြစ် ရောက်အောင်ကျင့်ဆောင်ရေး နတ်အများ တောင်းပန်နေဟန် (၂) ခန်း၊ ဘုရားအလောင်းတော် တက္ကသိုလ်ပြည်မင်းသားနှင့် နောက်ပါ ငယ်ကျွန်တော် (၅)ဦးတို့အား ဘီလူးမများက ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌပ္ပါရုံ အာရုံငါးပါး အကြိုက်လိုက်သူတို့ ဖျားယောင်း သွေးဆောင်ကာ ညလူခြေတိတ်ချိန် စားသောက်ခံရပုံ၊ ဘုရား အလောင်းတစ်ယောက်သာ ဘီလူးမတို့ရန်မှ လွတ်မြောက်ပြီး ထီးမွေ နန်းမွေခံစားခွင့်ရပုံ ပြကွက် (၉)ခုတို့ကို ရေးဆွဲထားသော ပန်းချီကားများ တွေကြရသည်။ နှစ်ကာလကြာရာသီဥတုဒဏ်ကြောင့် ပြိုပျက်နေသည်ကို ၁၃၄၆-ခုနှစ်တွင် ဂေါပကအဖွဲ့က ပြန်လည်ပြုပြင်ခဲ့ ကြောင်း သိကြရသည်။ အာရုံခံအတွင်းမှ ဆင်းလျှင် မဟာရံတံတိုင်း တောင်ဘက်အထွက်သို့ ရောက်လာခဲ့သည်။အာရုံခံတန်ဆောင်း နှင့် တူရူအရပ်ဝယ် လမ်းမှာ ဖြူးဖြောင့်လျက် လယ်ကွင်းပြင်အတိုင်း လှမ်းမြော်ကြည့်ရာ (၁)မိုင်ခန့်အရပ်တွင် သခွတ်ပင်ရွာနှင့် သခွတ်ဝ အမည်ရှိ မြစ်ချောင်းရှိသည်။ ကုန်းလမ်း ကားလမ်းမပေါက်မီအချိန်က ရန်ကုန် ဆိပ်ကမ်းမှ သင်္ဘောစီး၍ ရန်ကုန်မြစ်ပင်လယ်ဝအတိုင်း တောင်ဘက်သို့ ခရီးဆက်လျက် သခွတ်ဝချောင်းအတိုင်း အတွင်း ဘက်သို့ သင်္ဘောဖြင့် ဝင်ရောက်ပြီး သခွတ်ပင်ဆိပ်မှာ ဆင်း၍ ခြေကျင်လျှောက်လျှင် ကျိုက်ဓနုတ်ဆံတော်ရှင်စေတီ တောင်ဘက် မုခ်ဝကို ရောက်နိုင်သလို စက်လှေဖြင့်လာပါက သခွတ်ဝမြစ်မှ ဓနုတ် ချောင်းအတိုင်းလာလျှင် စေတီတော်အနောက်ဘက်မုခ်ဝသို့ ရောက် နိုင်သည်။ ယခုအခါ ဓနုတ်ချောင်းကား တိမ်ကောနေပြီဖြစ်၍ အသွားအလာမပြုကြတော့ပေ။ လွန်ခဲ့သော ခရစ်နှစ် (၁၉၉၇)က ကျိုက်ထီးဆောင်းဆရာတော် ဓနုတ်စေတီကို ဖူးမြင်လိုသော ဆန္ဒ ကြီးမားနေသောကြောင့် သွားကောလိပ်ကျောင်းအုပ်နှင့် ဩစတေးလျားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒေါက်တာအောင်သန်း (အငြိမ်းစား)စီစဉ်သည့် စက်လှေ(၅)စီးဖြင့် ရန်ကုန်မှ သခွတ်ပင် ရွာ ဆိပ်ကမ်းမှာဆင်း၍ ကြွရောက်ခဲ့သောခရီးစဉ်ကို သတိရ မိခဲ့သည်။