မြောက်ဘက်အာရုံခံတန်ဆောင်း
မြောက်ဘက်အာရုံခံတန်ဆောင်းမှာ အခြားတန်ဆောင်းကြီး များနည်းတူ ဆောက်လုပ်ထားပြီး မှန်စီတိုင်ကြီးများဖြင့် ထည်ဝါ ခံ့ညားလျက်ရှိသည်။ အဆောက်အဦးအရှေ့ထိပ်မှ အနောက်ထိပ် အထိ မှန်စီအုတ်ပလ္လင်ပေါ်ဝယ် ၉-ပေနီးပါးရှိ ဘူမိဖဿမုဒြာဆင်းတု တော် ၃-ဆူပူဇော်ထားရှိသည်။ စကျင်ကျောက်ဆင်းတုမဟုတ်ဘဲ အင်္ဂတေဖြင့် ထုလုပ်သော မျက်မှောက်ခေတ်လက်ရာဖြစ်သည်။ အာရုံခံတန်ဆောင်းဒါယကာမှာ တုံတင်ကန်ရွာ သူဌေး ဦးမြို့ မိသားစု ဟု ဆိုသည်။ ဂေါပကအဖွဲ့ကမူ ရခိုင်ချောင်ရွာ ဦးခင်၊ ဒေါ်ခင်၊ လက်ပံခွာရွာ ဦးမုန်း၊ ဒေါ်သဲညှာ မိသားစုတို့က အုတ်ဆင်းတု တစ်ဆူစီ ထုလုပ်ပူဇော်ခဲ့ကြသည်ဟု ဆို၏။ စကျင်ဆင်းတု ဉာဏ်တော်အမြင့် (၁၈)လက်မ (၂)ဆူ ပလ္လင်အောက်ဝယ် ၁၂၇၅-ခုနှစ်၊ တပေါင်းလဆုတ် (၇)ရက်နေ့တွင် ဘုရားကြီးချောင်ရွာ ဦးဖိုးတူ ဒေါ်သဲမှုန်မိသားစုကတစ်ဆူ၊ ၎င်းရွာနေ ဒေါ်သက်ပုံ မိသားစုက တစ်ဆူ လှူဒါန်းထားကြောင်း ကမ္ဗည်းစာတွေ့ရှိရသည်။ အခြား ပန်းချီ ပန်းပုများ မတွေ့ရပေ။ အာရုံခံအတွင်းမှ ပြင်ပထွက်လျှင် မဟာရံတံတိုင်းမြောက်ဘက်သို့ လျှောက်လာကာ ဓနုတ်ရွာ၁ အမှတ်(ခ)သို့ ဦးတည်နေသော ကွန်ကရစ်ခင်းလူသွားလမ်းမှာ ၂-ဖာလုံခန့်အရှည် တွေ့ရသည်။ လမ်းအနောက်ဘက်ဝယ် ကြာနီပင်များဖြင့် စိမ်းလန်း စိုပြည်လျက်ရှိသော သောက်ရေကန်ကို အကာအရံများဖြင့် တွေ့ရ သည်။ ကန်ဘောင်ဝယ် ရေစုတ်တုံကင်များ တန်းစီလျက် ဇရပ်တန်း အောက်ဝယ်မြင်တွေ့ရသည်။ သောက်သုံးရေအတွက် လုံလောက်အောင် စီစဉ်ထားကြောင်း သိသာထင်ရှားလှသည်။ လမ်းအရှေ့ (ယာဘက်)သို့ ကြည့်လျှင် နှစ် (၁ဝဝ)ခန့်က ရှေးဟောင်းဗိသုကာ လက်ရာအစွမ်းပြ နှစ်ထပ်ဆင်ဝင်(၄)လုံး၊ စင်္ကြန်ပတ်လမ်းပါ အဆောက်အအုံကို တွေ့ရသည်။ မူလအလှူရှင် ရခိုင်ချောင်ရွာ ဦးမုန်း ဒေါ်အေး သားမြေးမြစ်တို့ စုပေါင်း ပြန်လည်ပြင်ဆင်ကြသည်ဟု အတွေးဝင်မိသည်။ အလှူရှင်မှာ အထက်ထပ် အောက်ထပ်ရှိ အခန်း ကိုယ်စီ ကမ္ဗည်းထိုးထားသည်ကို တွေ့မြင်ရသည်။ မူလဒါယကာမှာ ဦးဘမင်းဟု သိရသည်။