အရှေ့မျက်နှာအာရုံခံတန်ဆောင်းမြင်ကွင်း
စေတီတော်ကြီး၏ အရှေ့ဘက်မျက်နှာ၌ ဘုံ ၉-ဆင့် ပြာသာဒ်ဆောင်ကြီးအတွင်း ဝင်ရောက်ခဲ့ရာ မှန်စီရွှေချအုတ်ပလ္လင်ပေါ်ဝယ် ဉာဏ်တော်အမြင့်(၉)ပေခန့် စကျင်ကျောက်သား ကြည်လင်သော ဘူမိဖဿမုဒြာပုံတော်ကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရသည်။ လက္ခဏာတော်ကြီး (၃၂)ပါး၊ လက္ခဏာတော်ငယ် (၈၀)ပါးနှင့် ပြည့်စုံနေသော ဆင်းတုတော်ဖြစ်သည်။ ဝဲယာတွင် ရဟန္တာ(၂)ပါးရှိခိုးနေဟန်၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့ မတ်ရပ်ရှိခိူးပူဇော်နေဟန် မြင်ရလျှင် သက်ရှိဘုရားရှင်ကို ဖူးတွေ့ရသည့်အလယး သဒ္ဓါတရားဖြစ်ပွားကြရသည်။ မိမိနှစ်သက်ရာ ပဏာမဝန္ဒနာဖြင့် ရွတ်ဆိုပူဇော်ဆုတောင်းအမျှဝေပြီး အာရုံခံအတွင်း မျက်စိကစားကြည့်ရာ ဘုရား၏ညလက်ဝဲဘက်(မြောက်ဘက်)၌ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာပါဒစေတီကို မြင်ရသည်။ တစ်မူထူးခြားလျက်ရှိသည်မှာ ခုံပေါ်မှာ အနီးကပ်ကြည့်ရသည့် အနေအထား မဟုတ်၊ ခပ်ပြေပြေထောင်ထား၍ ရှေ့တည့်တည့်မှ မော်ကြည့်ရသည်။ ခြေတော်ရာကို နဂါးမင်း ၂- ဦးက ဝဲယာမှ ကာရံထားပြီး အပေါ်ပိုင်း ဦးခေါင်း ၂-လုံး ပြိုင်တူကြည့်နေဟန်ဖြစ်သည်။ စကျင်ဆင်းတုနှင့် ခြေတော်ရာကို မြင်ရလျှင် ဘုရားရှင်၏ ရူပကာယတော်အားလုံးကို ခန့်မှန်းကြည့်နိုင်ကြသည်။ ၁၅-ပေခန့် အမြင့် ၂၄-လက်မပတ်လည် မှန်စီတိုင်ကြီးများမှာ ခံ့ညားထည်ဝါလှသည်။ အပေါ်ပိုင်း၌ ၁၀လက်မ ကျွန်းလေးထောင့်တိုင်ကြီးများကား ကွင်းပြင်အလယ်ရောက်အောင် ဘယ်လိုနည်းဖြင့် ယူဆောင်ကြပါလိမ့်ဟု စိတ်ဖြင့် မှန်းဆပြီး အံ့သြစရာပဟေဠိပမာဖြစ်နေပြန်သည်။ နောက်ဆုံးဘဝ ဝေဿန္တရာဇာတ် တော်လာရုပ်ထုပန်းချီပြကွက်(၁၇)ခု၊ ဂေါတမဗုဒ္ဓ အလောင်းတော် သုမေဓာရှင်ရသေ့အား ဒီပင်္ကရာဘုရားမှ နိယတဗျာဒိတ်ပေးခန်းနှင့် ဒေါနပုဏ္ဏားဓာတ်တော်ဝေခန်းအထိ ဗုဒ္ဓရုပ်ထု ပန်းချီပြကွက် (၁၁)ခန်းများမှာ ယနေ့ခေတ်တွေ့မြင်ရန် မလွယ်သလို သစ်သားပန်းဆွဲ ပန်းခိုင်မှာ လက်ရာမြောက်နေသည်။ မြန်မာဗိသုကာပညာကို မြင်ရသူတိုင်း လေးစားအံ့သြရမည်ဖြစ်သည်။ အဆောက်အဦးမှာလည်း ထည်ဝါခံ့ညားလှသည်။ ကောဇာနှစ် ၁၂၈၄- ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၄)ရက်တွင် တွံတေးမြို့အပိုင် ညောင်ချောင်းရွာ ဦးသန့် ဒေါ်ရွှေအုံ မိသားစုက ဆောက်လုပ်လှူဒါန်းခဲ့ ပြီး ၁၂၈၆- ခုနှစ်တွင် ရေစက်ချလှူဒါန်းခဲ့သည်။ အောင်တော်မူကျောင်းဆရာတော်က စကျင်ကျောက်ပြားဝယ် ကမ္ဗည်းထိုးရာ၌ လေးလုံးစပ်ကဗျာဖြင့် ဖွဲ့ဆိုပြီး ဘုရားရှင်၏ လက္ခဏာတော်ကြီး(၃၂)ပါးကို အသေးစိတ်ရေးဖွဲ့ထားရာ ကျောက်တော်ကြီးစကျင်ရုပ်ထုဝယ် အဆိုပါလက္ခဏာတော်များကိုညဖူးတွေ့ရသလို ခံစားရသောကြောင့် “ကျောကိတော်ကြီးဘုရား၊ ဆုတောင်းပြည့်ဘုရား၊ လက္ခဏာပြ ကိုယ်တော်ကြီး” ဟု ဘွဲ့တော် (၃)ခု အမည်ပြုထားသည်။ ရုပ်ထု ရုပ်ကြွ ပန်းပု ပန်းချီလက်ရာများ မသမာသူတို့ မဖျက်ဆီး မယူနိုင်အောင် သံဇကာ, သံတိုင်တို့ဖြင့် လုံခြုံစွာကာန်ထားသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်က တပ်မှူးကြီးတို့ ပြန်လည် ပြုပြင်ကြောင်း ကမ္ဗည်းစာများ ရေးထိုးထားသည်ကို တွေ့ကြရသည်။
ကျောက်တော်ကြီးဘုရားအာရုံခံတန်ဆောင်းမှ ထွက်ခဲ့ပြီး တောင်ဘက်သို့ ထွက်လျှင် အရိပ်ကောင်းကောင်းခရေပင်ကြီးကိုတွေ့ရသည်။ ပင်ခြေပတ်လည် ကွန်ကရစ်ခုံရှည်ပတ်လည်ပြုလုပ်ထားရာ ခုံရှည်ပေါ်မှ ထိုင်လျက် ကျိုက်ဓနုတ်ဆံတော်ရှင်ကို အနီးကပ် ဖူးနိုင်ပေသည်။ ပြိုပျက်နေသော အုတ်ပုံကြီးမှာ အဝေးကကြည့်လျှင် ကောက်ရိုးပုံလို့ထင်ရသည်။ ယခု အနီးကပ်မြင်ကွင်းမှာ ဂဝံမြေသား ပုံထားသလိုမြင်ရသည်။ ပတ်လည်တွင် အရံစေတီ (၂၄)ဆူ ရှိနေ၍ ယခင်အချိန်က စေတီပုံကို ရွှေရောင်ဝင်းဝါ ရွှေတောင်ကြီးပမာ ကျိုက်ဓနုတ်ဆံတော်ရှင်စေတီအဖြစ် အာရုံပြုလိုက်နိုင်ပေသည်။ခရေပင်အနီးဝယ် (၇×၇)ပေ ပတ်လည် သွပ်မိုးတိုင် လေးတိုင် အဆောက်အအုံမှာ အောင်မြေနေရာဟု ဆိုကြသည်။ အနီးမှာပင် ကျိုက်ထီးဆောင်းဆရာတော်ကြီး၏ ယာယီဓနိမိုး ဓနိကာ ဝါးပိုးတိုင် ဝါးကြမ်းခင်း နားနေကျောင်းဆောင်မှ (၇×၁ဝ) ပေခန်း တဲကျောင်းကို တွေ့ရသည်။ ၅-ပေခန့် အကွာ၌ ခရစ်နှစ် (၂၀၀၆)ခုနှစ်က ပြိုကျခဲ့သော ငှက်ပျောဖူးမှာ ထိပ်ဝ (၃)ပေ လုံးပတ် (၁၀)ပေ အလျား (၁၂)ပေခန့်ရှိသည်။ အလျား အနံ (၁၅×၁၅) ပတ်လည် စိန္တာမုနိပြည်လုံးချမ်းသာ အာရုံခံမှာ ၁၃၆၃-ခုနှစ် တပို့တွဲလဆန်း (၂)ရက်နေ့က ရခိုင်ချောင်ရွာ ဦးထွန်းညွန့် ဇနီး ဒေါ်စိန်ရှင်တို့ ဆောက်လုပ်လှူဒါန်းခဲ့သည်။ အနီးမှာပင် အောင်သိဒ္ဓိဘဂဝါ ဆုတောင်းပြည့် နဂါးရုံ (မုစလိန္ဒာ) ဘုရားနှင့် အုတ်ကန် အဝိုင်းမှာ ရေမပြတ်ထည့်ထားပြီး ယင်းကန်မှ မော်တာဖြင့် စေတီ တော် ပြုပြင်ရာ၌ ရေတင်ရန်ဖြစ်သည်။ တနင်္ဂနွေထောင့်ဝယ် အလျား(၃၅×၃ဝ)ပေ သိမ်တိုက်မှာ ဂေါပကလူကြီးများမှ ပြန်လည် ဖော်ထုတ်ပြုပြင်တည်ဆောက်ထားကြောင်း သိရသည်။ မဟာရံ တံတိုင်း အပြင်ဘက်၌ သစ်သား ၂-ထပ် ကျောင်းတစ်ဆောင်မှာ အလျား အနံ ပေ (၈၀×၅၀)ခန့် ရှိသည်။