ပြတိုက်ပြခန်း (၁)

မှတ်တမ်းဓာတ်ပုံများ

ရခိုင်ချောင်ရွာ ဒေါ်မမ

               ကျိုက်ဓနုတ်စေတီကြီးအား လျှပ်စစ်ဓာတ်မီးဖြင့် ပူဇော်သော အလှူရှင်မှာ ရခိုင်ချောင်ရွာမှ မြေပိုင်ရှင် ဒေါ်မမဖြစ်သည်။ ၁၂၈၇- ခုနှစ်၊ တန်ခူးလတွင် ဓနုတ်စေတီတော်ကြီး လျှပ်စစ်မီးထိန်ထိန်ညီးစေရန် လျှပ်စစ်မီးစက်နှင့် မီးကြိုး မီးလုံးများကို ဝယ်ယူလှူဒါန်းခဲ့ရာ စေတီတော်ကြီးဖောင်းရစ်မှကြာဖူးအထိ မီးလုံးများတပ်ဆင်ရန်အတွက် စိန်ဖူး ငှက်မြတ်နားရှိ အဖိုးတန်ရွေှဆည်းလဲ ငွေဆည်းလဲများ ခေတ္တဖြုတ်ကြရသည်။ နယုန်လပြည့်နေ့တွင် မီးကြိုး မီးလုံးများ
တပ်ဆင်ပြီးလျှင်ပြီးချင်း ရွှေဆည်းလဲ ငွေဆည်းလဲများကို ပြန်လည်တပ်ဆင်ကြသည်။ ထိုရက်မှစ၍ ၁၃၀၆- ခုနှစ်အထိ ညစဥ်လျှပ်စစ်မီးထွန်းညှိပူဇော်ခဲ့ကြသည်။ ဒေါ်မမသည် မီးစက်နှင့် မီးစက်ရုံနှင့် ၁၂၇၄- ခုနှစ်၌ ဇရပ်ကို ဆောက်လုပ်သည့်အပြင် ၁၂၉၈- ခုနှစ်တွင် ရွှေသင်္ကန်းကပ်လှူခဲ့သူဖြစ်သောကြောင့် ဂေါပကလူကြီးများက ဂုဏ်ပြုမှတ်တမ်းအဖြစ် နှောင်းလူတို့သိရှိနိုင်ရန်အတွက် ဒေါ်မမ၏ပုံတူ ကြေးသွန်းရုပ်ကို ဘုရားရှင်အား ပူဇော်နေဟန် ထုလုပ်ကြပြီစ အရှေ့ဘက်မဟာရံတံတိုင်း အတွင်းမှာပင် အုတ်တိုက်ငယ်ဖြင့်ထားကြသည်။
ရခိုင်ချောင်ရွာ သာသနာ့နုဂ္ဂဟအသင်းက ၁၂၇၄- ခုနှစ်တွင် ဥပုသ်ဇရပ်တစ်ဆောင်၊ ၁၂၇၉- ခုနှစ်တွင် ဒေါ်မမက ဇရပ်တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း မှတ်တမ်းတွေ့ရသည်။