စေတီတော်ဆိုင်ရာ

ဓနုတ်စေတီတော်သမိုင်း

အရှင်မဟာမောဂ္ဂလိပုတ္တတိဿ

         သာသနာသက္ကရာဇ် ၂၃၆ ခုနှစ်တွင် အိန္ဒိယပြည်၌ တတိယသင်္ဂါယနာတင်ပွဲတွင် အသောကမင်းတရားအား အမှူးထား၍ ကျင်းပခဲ့သည်။ ထိုသင်္ဂါယနာတင်ပွဲကို အရှင်မဟာမောဂ္ဂလိ ပုတ္တတိဿ မဟာထေရ်က ကြီးမှူးခဲ့၏ ။ ထိုမထေရ်သည် သုဝဏ္ဏဘုမ္မိခေါ် သထုံပြည်သို့ သာသနာပြုရန် အလို့ငှာ အရှင်သောဏထေရ်နှင့် အရှင်ဥတ္တရထေရ်တို့ကို စေလွှတ်ခဲ့သည်။ ထိုအချိန်တွင် သထုံပြည်၌စူဠသီရိမာသောကမင်း နန်းစံလျက်ရှိ၏။ ထိုအခါ သထုံပြည်သည် ပင်လယ်ကမ်းမြို့ဖြစ်၍ ပင်လယ်အောက်မှ ဘီလူးများ၏ ရန်ကိုခံစားနေရလေသည်။ ဘီလူးများသည် မြို့တွင်းသို့ဝင်၍ မွေးဖွားစသားငယ်များကို စားသောက်ကြသည်။ သထုံံပြည်တွင် သာသနာပြုရန်လာရောက်ကြသည့် အရှင်သောဏနှင့် ဥတ္တရတို့ နန်းတွင်း၌ ရှိနေကြစဥ် ညအချိန်တွင် သထုံံပြည်မင်း၏ မိဖုရားသည် သားငယ်တစ်ပါးကို ဖွားမြင်လေသည်။ ထိုအခါ ဘီလူးမကြီးတစ်ကောင်သည် ထိုသားငယ်ကိုစားရန် ဘီလူးအခြံအရံများဖြင့် နန်းတွင်းသို့ လာရောက်ခဲ့ရာ ထိုသာသနာပြုအရှင်နှစ်ပါးနှင့် ပက်ပင်းတိုးမိလေသည်။ အရှင်နှစ်ပါးသည် မိမိတို့၏ တန်ခိုးတော်ဖြင့် ဘီလူးတို့ကို နှင်းထုတ်ခဲ့သဖြင့် သားငယ်သည် ဘီလူးရန်မှ လွတ်မြောက်ခဲ့ရလေသည်။ ထိုကျေးဇူးကြောင့် သထုံမင်း စူဠသီရိမာသောကနှင့် မိဖုရားကြီးမှစ၍ သထုံပြည်သားအပေါင်းတို့သည် ထိုအရှင်နှစ်ပါးကို ကိုးကွယ်ဆည်းကပ်ကြကုန်၏။

ကြည်ညိုဆပွား

        သထုံမင်းစူဠသီရိမာသောကသည် ထိုမျှလောက်နှင့် ရောင့်ရဲတင်းတိမ်ခြင်းမရှိဘဲအရှင်မထေရ်နှစ်ပါးတို့ထံ မြတ်စွာဘုရား၏ ဓာတ်တော်တို့ကိုပေးသနားပါရန် တောင်းခံလျှောက်ထားလေသည်။ ထိုအခါ အရှင်နှစ်ပါးသည် ဘုရားသခင်လက်ထက်တော်က သထုံံဘုရင် မဟာသီရိမာသောက တည်ထားခဲ့သော သွားတော်ဓာတ်များကိန်းဝပ်ရာ ၃၃–ဆူသော ကျောက်စေတီတို့ကို ဣန္ဒဓနု တောင်ထိပ်၌ ပြသခဲ့လေသည်။ ထိုစေတီများမှာ တောဖုံးလွှမ်းလျက်ရှိရာ မင်းကြီးသည် တောရှင်း၍ သွားတော်ဓာတ် ၃၃–ဆူကိုဘယူဆောင်ပင့်ခဲ့၏ ။ ထို့နောက် သွားတော်ဓာတ် ၃၃–ဆူကို ဌာပနခဲ့ပြီး ၃၃ဆူသော တိုက်စေတီတို့ကို သာသနာပြုသောအနေဖြင့် တည်ထားကာ တိုင်းသူပြည်သားများအား ကြည်ညိုစေသည်။

ထပ်မံဆပွား ကြည်ညိုသဒ္ဒါ

        စူဠသီရိမာသောကမင်းသည် ထိုမျှလောက်ကိုးကွယ်ဆည်းကပ်ရရုံမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းမရှိသဖြင့် အရှင်နှစ်ပါးအား အိန္ဒိယပြည် အသောကမင်းတရားထံမှ ဓာတ်တော်များကို တောင်းပေးရန်လျှောက်ထားရာ အရှင်နှစ်ပါးသည် အိန္ဒိယပြည်မှ သာသနာပြုရန် မိမိတို့နှင့်အတူပါလာသည့် အရှင်အနုရုဒ္ဓါတို့တွင် အကြီးဆုံးဖြစ်သော အရှင်တိဿဂုတ္တကို အကြီးအမှူးပြု၍ တွံတေးဒလသား ရှင်တိက္ခပညာ၊ ရှင်သာဂကပညာ၊ ကျိုက်ထိုသား ရှင်ဗုဒ္ဓဉာဏ၊ ဇင်းကျိုက်သား ရှင်တိဿ၊ ဒိန်မယ်သား ရှင်အတိရ၊ မော်လမြိုင်သား ရှင်သုဒ္ဓတို့ကို အိန္ဒိယပြည် ပါဋလိပုတ္တရာပြည် စေလွှတ်၍ တောင်းခံစေ၏။

ရရှိသည့် ဓာတ်တော်

       ထိုအခါ အရှင်တိက္ခနှင့် ရှင်သာဂရတို့သည် ရှင်မောဂ္ဂလိ ပုတ္တတိဿနှင့် အသောကမင်းထံမှရရှိခဲ့သည့် ဆံတော်၇၀ဆူနှင့် ဓာတ်တော် သုံးစလယ်တို့ကို ဝေစုအဖြစ် ရရှိခဲ့ကြသည်။ ၎င်းဆံတော်နှင့်ဓာတ်တော်တို့ကို ဝေစုအဖြစ် ရရှိခဲ့ကြသည့် အရှင်သောဏနှင့် ဥတ္တရထေရ်တို့ကလည်း ဒဂုန်–ဒလ နယ်များတွင် စေတီတည်ထားကိုးကွယ်ရန်နှင့် တိက္ခနှင့် ရှင်သာဂရတို့ထံ လွှဲအပ်တော်မူလေသည်။

လေးသည်ရွာ

      ထိုစဥ်ဒလနယ်၌ လေးသည်ဟူသော ရွာတစ်ရွာရှိ၏ ။ ထိုရွာသည် ဓနုတ်စေတီ၏ တောင်ဘက်တွင်ရှိသည်။ ထိုခေတ်ထိုအခါက ရန်ကုန်မြစ်ဝ၏ ပင်လယ်ကမ်းပါးအနီး ရွာဖြစ်လေသည်။ ထိုလေးသည်ရွာအပါအဝင် ထိကုန်း၊ ကျောက်တစ်လုံး၊ ကော့မှူး၊ လက်ခိုက်၊ အင်္ဂလုံံ၊ ဒေးတနော် စသောရွာများသည် သာသနာနှစ် ၂၄၀ ခုနှစ်ခန့်ကပင် ပင်လယ်ကမ်းရိုးတန်းဖြစ်လေသည်။ အိန္ဒိယမှ ကြွလာသည့် အရှင်သောဏနှင့် ဥတ္တရတို့၏ ဒုတိယတပည့်ကြီးဖြစ်သော အရှင်သောဏယျ၏  သာသနာပြုမှုကြောင့် လေးသည်ရွာသည် ရဟန်းယောက်ျား၊ ရဟန်းမိန်းမတို့ အနည်းငယ်ပေါ်ပေါက်လာခဲ့၏ ။ လေးသည်ရွာရှိ သာသနာ့ဝန်ထမ်းဆယ်နှစ်ပါးအား အရှင်နှစ်ပါးက ဆံတော်နှစ်ဆူနှင့် ဓာတ်တော်၂၂ဆူတို့ကို ဝေပေးလေသည်။

လေးသည်ရွာနှင့် ဓနုတ်စေတီ

       ထိုအခါလေးသည်ရွာ၏ အကြီးအကဲသံဃာတော် အရှင်သုဇာတသည် သထုံံမင်းစူဠသီရိမာသောက၏ အထောက်အပံ့ဖြင့် တိုက်တန်ဆောင်းတခုကို ရွာသားများအား တည်ဆောက်စေသည်။ ထိုတိုက်အလယ်၌ ကျောက်ပလ္လင်တခုပြုလုပ်စေပြီး လေလုံဖန်ဘူးနှင့် ထည့်ထားသည့် ဆံတော်၂၂ဆူကိုလည်းကောင်း၊ ဖန်ဘူးနှင့်ထည့်ထားသည့် ဓာတ်တော် ၂၂ဆူကိုလည်းကောင်း ကလာပ်၌ ထည့်ထားလျက် စေတီတည်၏ ။ ထိုစေတီသည် ပလ္လင်ပေါ်တည်သော တိုက်စေတီဖြစ်သောကြောင့် အရှင်သောဏနှင့် ဥတ္တရမဟာထေရ်တို့က ဒုနုဂ္ဂစေတီဟူသော ဘွဲ့ကို ဆက်ကပ်တော်မူခဲ့သည်။

        ထိုနောက် သထုံံမင်းစူဠသီရိမာသောကသည် ဒဂုန်တိုက်စေတီ၊ တွံတေးတိုက်စေတီ တို့ကို ကြွရောက်၍ ကောင်းချီးပြုသကဲ့သို့ ဒုနုဂ္ဂဟစေတီသို့လည်း ကြွရောက်၍  သာဓုအနုမောဒနာပြုလေသည်။ ဓနုတ်စေတီမှာ သာသနာနှစ် ၂၄၀ ခုတွင် တည်၍ ပြီးစီး၏ ။ စေတီ၏ အမြင့်မှာ ၁၆တောင်ရှိပြီး တိုက်တစ်မျက်နှာလျှင် ရှင်တောင်ခန့်ရှိသည်။ တိုက်၏ အကျယ်အဝန်းကိုကား မသိရပေ။ ရှေးက ယင်းစေတီကို ဓနုဂ္ဂဟစေတီဟု ခေါ်ဝေါ်ကြသော်လည်း ယခုအခါ ဓနုတ်စေတီဟုသာ ခေါ်ဝေါ်ကြလေပြီ။ ဓနုတ်စေတီအား လေးသည်ရွာသာသနာ့ဝန်ထမ်းများ၏ အကြီးအမှူး ဖြစ်သည့် အရှင်သုဇာတနှင့်တပည့်ရဟန်းတို့သည် စောင့်ရှောက်ခဲ့ကြသည်။ ထို့ပြင် သထုံမင်းအဆက်ဆက်တို့သည် စေတီပြိုသော်အခါ၌လည်းကောင်း၊ ပျက်သောအခါ၌လည်းကောင်း ပြုပြင်ခဲ့ကြကြောင်းကို ဓနုတ်ကျောက်စာတွင် ရေထိုးထားလေသည်။

        ဓနုတ်စေတီ၏ သမိုင်းသည် စေတီတည်ခဲ့သည်မှ အနော်ရထာမင်းလက်ထက်တိုင်အောင် နှစ်ပေါင်း ၁၃၆၀ ကျော်အတွင်း တိမ်မြုပ်ခဲ့သော်လည်း စေတီသည် တိုင်းပြည်၏ အုပ်ချုပ်ရေးနှင့် တိုင်းပြည်စီးပွားရေးတွင် အရေးပါ အရာရောက်ခဲ့သော သာသနာ့အဆောက်အအုံတခု ဖြစ်လာခဲ့လေသည်။

ဓနုတ်ကင်းဆိပ်

        အနော်ရထာမင်းမတိုင်မီ နှစ်ပေါင်း ၂၅၀ခန့်က ရန်ကုန်မြစ်သို့ ဝင်လာသမျှသော နိုင်ငံခြားပင်လယ်ကူး ရွက်သင်္ဘောများသည် ဓနုတ်စေတီကို ဦးတိုက်၍ ကပ်ကြရသည်။ အကြောင်းမှာ ဓနုတ်စေတီမှ နေ့ရောညပါ မီးထွန်းညှိထားသော ကင်းဆိပ်၌ အခွန်ပေးပြီးမှ ရန်ကုန်မြစ်အတွင်းသို့ ဝင်ခွင့်ရရှိ၍တည်း။ ထို့ပြင် ဓနုတ်ကင်းဆိပ်မှ ရေလမ်းပြရရှိမှ သံလျင်၊ ဒဂုန်၊ ပဲခူး စသည်တို့ကို ကုန်သင်္ဘောများသောင်မတင် ကျောက်ဆောင်မတိုက်ဘဲ စုန်ဆန်နိုင်ကြလေသည်။ ထိုအခါက ဓနုတ်စေတီ၏ ခြေတော်ရင်း၌ ဓနုတ်ရွာကြီးမှာ စည်ပင်သာယာကြီးပွားကောင်းစားခဲ့လေသည်။ ဓနုတ်စေတီ၏ တောင်ဘက်နှင့် အနောက်ဘက်တစ်ခွင် ပင်လယ်ရေပြင်နေရာ၌လည်း တမံကြီး၊ တော်ကမယ်၊ တော်ခရမ်း၊ တော်ကူးတော်လမ်း၊ သရက်တော၊ မြေကြောင်းအထိ မြေနုကျွန်းပေါ် အရပ်များဖြစ်ပေါ်ခဲ့သဖြင့် ရွာကြီးရွာငယ်သုံးဆယ်ကျော် ပေါက်ဖွားလာပြီး ဓနုတ်စေတီမှာ အထူးပင်စည်ကားခဲ့လေသည်။ ကောဇာသက္ကရာဇ် ၇၀၁ ဟံသာဝတီဘုရင် ဗညားဦးလက်ထက်၌ ငလျင်ဒဏ်ကြောင့် ဓနုတ်စေတီတိုက်တန်ဆောင်းသည် ပြိုပျက်ခဲ့၏ ။ ထိုမင်းလက်ထက်တွင် လောက်ဖျားသော မဂ္စလဆန်းဆိုသူကို လက်ခိုက်မြို့စားခန့်ကာ သံဗြတ်ဘွဲ့ကို ပေးအပ်၍ အုပ်ချုပ်ရေးနှင့် သာသနာရေးတို့ကိုဆောင်ရွက်စေခဲ့သည်။ ယင်းသံဗြတ်သည် လက်ခိုက်မြို့၏ အပိုင်းဖြစ်သည့် အနောက်ဘက်လားသော် ဆူးကလပ်မှ  ကျုံလတာ၊ ကျုံလတာမှ ပီလခပ်အထိ ပင်လယ်ကမ်းရိုးတန်း၊ အရှေ့လားသော် မီလတ်မှ ရခိုင်ချောင်အထိ ဒဂုန်မြစ်အနောက်ဘက်ကမ်းရှိ၊ မြောက်သို့လားသော် ရခိုင်ချောင်မှ လိပ်ကုန်း၊ ချော်လဲ၊ အဖျောက်၊ သံအိုင်၊ ဆူးကလပ် ထိဖြစ်၍ ဤနယ်နိမိတ်အတွင်း ပြိုပျက်သောစေတီတစ်ဆယ့်ငါးဆူကို ဓနုတ်ကင်းမှ (၅)နှစ်အတွင်းရရှိသည့် အခွန်ငွေများဖြင့် ပြုပြင်စေခဲ့သည်။ သက္ကရာဇ် ၇၁၅ ခုနှစ်တွင် ဓနုတ်ကင်းသူကြီးထံမှ ၅နှစ်အတွင်းရရှိသည့် ရေခွန်ကို သိမ်းယူ၍ ဓနုတ်စေတီအပါအဝင် စေတီတစ်ဆယ့်ငါးဆူကို လက်ခိုက်မြို့စား သံဗြတ်သည် ပြန်လည်တည်ပေးခဲ့သည်။ ထိုသို့တည်စဥ် ဟံသာဝတီဘုရင်ဗညားဦး၏ အမိန့်အရ စေတီများမှာ တိုက်စေတီပုံမဟုတ်ဘဲ သင်တိုင်းစေတီပုံံချည်း တစ်ဆယ့်ငါးဆူလုံးကို တည်ပေးရသောကြောင့် အတောင်နှစ်ဆယ်မြင့်သည့် အတောင်နှစ်ဆယ်ရှိ ဓနုတ်စေတီတော်သစ်သည်လည်း ‘သင်တိုင်း’ စေတီပုံအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဓနုတ်စေတီတွင် မူလဆံတော်၊ ဓာတ်တော်၌ ဌာပတပေါင်းလပြည့်နေ့တွင် ဘုရင် ဗညားဦးနှင့် မိဖုရားတို့သည် ဟံသာဝတီမှနေ၍ လှေဝင်းလှေကြီးများဖြင့် စုန်လာပြီး ဓနုတ်စေတီတော်ကို ထီးတော်တင်ကြ၏ ။  မင်း၏ မိဖုရားငါးပါးတို့သည် ဓနုတ်စေတီတော်သို့ တစ်ပါးလျှင် ဆယ်ပယ်ကျလယ်ပယ်(၅၀)လှူဒါန်းခဲ့ကြသည်။ သက္ကရာဇ် ၇၄၅ခု၌ နန်းတက်သော ဗညားဦး၏သားတော်  သုတသောမရာဇာဓိရာဇ် မင်းဖြစ်ပြီး ၁ဝ နှစ်ခန့်အကြာတွင် ငလျင်ဒဏ်ကြောင့် ဓနုတ်စေတီတော်သည် ပြိုကွဲသွားသည်။  ထိုအခါ သာသနာ့ရေးရာကိစ္စများကို ပြုလုပ်ရသော လက်ခိုက်မြို့စားမှာ စစ်ရေးကိစ္စများကြောင့် စေတီတော်ကို ပြန်လည်ပြုပြင်နိုင်ခြင်းမရှိဘဲ  ဓနုတ်ကင်းသူကြီး ထဗကို ဘုရင်သုတသောမရာဇဓိရာဇ်သည် တာဝန်ပေးပြီး သက္ကရာဇ် ၇၅၆ ခုနှစ်တွင်  ၄၅တောင်မြင့်သော ဓနုတ်စေတီသစ်ကို တည်ခိုင်း၏။ စေတီတည်ရာ၌ ဌာပနာဟာင်းများအပြင် မင်းကြီးနှင့်ကွယ်လွန်သူများဖြစ်သည့် မိဖုရားပီယဝါစာဒေဝီနှင့် မဟာဒေဝီတို့၏ ရှိခိုးဟန် အရုပ်များကိုလည်းကောင်း၊ မင်းကြီး၏ သက်စေ့ရွှေဘုရား၊ ငွေဘုရား ၄၅ဆူ တို့ကိုလည်းကောင်းညဌာပနာကာ ရာဇဒေဝီမိုးအုန်းနှင့် မင်းကြီးသည် ထီးတော်ကိုတင်ခဲ့ကြသည်။ ထို့အပြင် စေတီသမိုင်းကျောက်စာကိုလည်း ထိုးခဲ့ကြသည်။ သက္ကရာဇ် ၇၇၆ ခုနှစ်၌ မင်းကြီးသည် ဓနုတ်စေတီတော်ကို လုံးတော်ပြည့်ရွှေချသည်။ စေတီတော်ကုန်းမြေအရင်း၌ ဇရပ်နှစ်ဆောင်ဆောက်လုပ်ကာ ဘုရားကျွန် ၅ယောက်ကိုလည်း စေတီသို့လှူခဲ့၏။

ရှင်စောပုကောင်းမှု

      သက္ကရာဇ် ၈၁၄ ခုနှစ်တွင် နန်းတက်သော ဟံသာဝတီပြည့်ရှင် ဘုရင်မကြီးရှင်စောပု နန်းတက်၍( ၅)နှစ်အကြာ သက္ကရာဇ် ၈၁၉ ခုနှစ်တွင် ငလျင်လှုပ်ရာ ဓနုတ်စေတီတော်သည် မြေခခဲ့သည်မှာ ပန်းတင်ခုံသာ ကျန်တော့သည်။ ထိုအခါ ရှင်စောပုသည် (၆၅)တောင်မြင့်သော ဓနုတ်စေတီသစ်ကို တည်၏။ ထိုသို့ တည်ရာ၌ ဠာပနာဟောင်းများအပြင် ခမည်းတော်နှင့် မယ်တော် သုဒ္ဓမာယာတို့၏ ကြေးရုပ်၊ မြောက်သားတော် သမိန်စည်သူမဟာသီဟသူရ ပခန်းမြို့စားတရဖျား၊ မိုးညှင်းမင်းတရား သားမက်တော် ရာဇာဓိရာဇ်နှင့် သမီးတော် မိဖုရားနဲသလာသင်တို့၏ ကြေးရုပ်တို့အပြင် ဗုဒ္ဓဝင်ခဲပြားရုပ်ပွားများ၊ ခဲသွန်းဘုရားဆင်းတု ၇၀၊ ရွှေပြားခေတ်ဘုရားဆင်းတု၇၀ တို့ကို ဌာပနာသည်။ သက္ကရာဇ် ၈၂၅ ခုနှစ်တွင် ဘုရင်မကြီး ရှင်စောပုသည် စေတီကို ထီးတော်တင်ပြီး လယ်ပင်ငါးဆယ်၊ ကျွန် ၂ဝတို့ကို ရေစက်ချ လှူဒါန်းလေသည်။ ၈၂၆ ခုနှစ်တွင် စေတီလုံးတော်ပြည့် ရွှေသင်္ကန်းကို ဓနုတ်ကင်းခွန်မှ ငွေဖြင့် ဆက်ကပ်ကာ ကျောက်စာကိုလည်း ထိုးသည်။

ဓမ္မစေတီမင်း၏ ကြည်ညိုသဒ္ဒါ

      သက္ကရာဇ် ၈၉၁ ခုနှစ်တွင် နန်းတက်သော ဓမ္မစေတီလက်ထက်တွင် ဓနုတ်စေတီရွှေသင်္ကန်း၊ အာရုံံခံတန်ဆောင်း၊ ဇရပ်လေးဆောင်တို့ကို ဆောက်လုပ်လှူဒါန်းသည်။ ထိုမင်းသည် ပရိယတ္တိသာသနာတော်ကို ဓနုတ်စေတီပတ်ဝန်းကျင်တွင် ထွန်းကားလာစေရန် ဓနုတ်ကျောင်းကို စာသင်တိုက်အဖြစ် တိုးမြှင့်သည်။ ဓနုတ်ကင်းခွန်မှ ရရှိသော ခါသာပိတ်အုပ်များကိုလည်း ဓနုတ်စာသင်တိုက်သံဃာများ သင်္ကန်းချုပ်ရန် ဓနုတ်ကင်းသူကြီးမှတဆင့် လှူဒါန်းလေသည်။

မင်းအဆက်ဆက်တို့၏ ကုသိုလ်တော်

     သက္ကရာဇ် ၉၀၁ ခုနှစ်တွင် တောင်ငူဘုရင်တပင်ရွှေထီးသည် ဓနုတ်စေတီတော်ကို ရွှေသင်္ကန်းကပ်လှူခဲ့သည်။ သက္ကရာဇ် ၉၀၄ ခုနှစ်တွင် ဘုရင်မရှင်စောပု လှူဒါန်းခဲ့သော ထီးတော်မြေခရာ တပင်ရွှေထီးသည် ထီးတော်အသစ်ပြန်၍ လှူဒါန်းခဲ့လေသည်။ သက္ကရာဇ် ၉၁၂ ခုနှစ်တွင် ဟံသာဝတီပြည့်ရှင်ဖြစ်လာသော ဘုရင့်နောင်လက်ထက် သက္ကရာဇ် ၉၂၆ ခုနှစ်၌ ဓနုတ်စေတီတော်ပြိုပျက်ခဲ့ရာ ဘုရင့်နောင်သည် အတောင်၉၀မြင့်သည့် စေတီတော်သစ်ကို တည်ပြီး ကြေးထီးတော်ကို လှူဒါန်းခဲ့လေသည်။ ထို့အြင် ဘော်သားငှက်မြတ်နားနှင့် ဘော်သားကြာဖူးကို ထီးတော်များ၌ စိုက်ထူခဲ့သည်။ ဆက်၍ လုံးတော်ပြည့်ရွှေချခြင်း၊ ကျောက်သပိတ် ၁၆လုံး၊ ကျောက်ထီး ၁၆စင်းတို့ကို ရင်ပြင်တော်ပတ်လည်၌ တည်စိုက်ခြင်း၊ မဟာရံတံတိုင်းအသစ်၊ ရင်ပြင်အသစ်၊ စောင်းတန်းအသစ်၊ စောင်းတန်းတစ်ဆောင်အသစ်၊ ကျောက်သိမ်အသစ်၊ အာရုံခံတန်ဆောင်းအသစ် စသည်တို့ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထို့ကြောင့် ဓနုတ်စေတီအားဘုရင့်နောင်လောက်လှူဒါန်းပြုပြင်သူ ဘယ်ခေတ်တွင်မှ မပေါ်ထူးခဲ့ပေ။

ငါးဆူဒါယကာလက်ထက် အခြေအနေ

     သက္ကရာဇ် ၉၄၄ ခုနှစ်တွင် နန်းတက်သော ဘုရင့်နောင်၏ သားတော်ငါးဆူဒါယကာမင်းလက်ထက်တွင် ဟံသာဝတီနေပြည်တော်သည် ဆန်ရေစပါးရှားပါးမှုကြောင့် ထိုအရပ်မှ လူအများသည် ဒလ၊ ဖျာပုံ စသောနည်များသို့ သက္ကရာဇ် ၉၅၉ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ကြသည့်အပြင် ဓနုတ်စေတီတော်၏ အရိပ်ကိုလည်း ဝင်ရောက်ခိုလှုံကြသည်မှာ မနည်းလှပေ။ သက္ကရာဇ် ၉၆၁ ခုနှစ်တွင် ဟံသာဝတီမင်းနေပြည်တော်ပြိုကွဲပျက်ချိန်၌ သံလျင်မြို့ဝန်ပေါ်တူဂီရေကြောင်းဗိုလ် ငဇင်ကာသည် ဓနုတ်ကင်းရွာမှ အခွန်များကို သိမ်းပိုက်ခဲ့သည့်အပြင် ပေါ်တူဂီစစ်သားများ ဖျက်စီးမှုကြောင့် ဓနုတ်စေတီတော်ရင်ပြင်ပေါ်ရှိ ရုပ်ပွားတော်များ၊ ကျောက်သပိတ်များမှာ ပျက်စီးခဲ့ရသည်။ ထိုအရပ်မှ သံဃာတော်များမှာလည်း ရှောင်တိမ်းနေခဲ့ရသည်။ ယင်းသို့ ပရမ်းပတာကြောင့် ဓနုတ်ရွာနှင့် သာသနာတော်မှာ ဆယ်နှစ်တိုင်တိုင် ပျက်စီးခဲ့ရလေသည်။

သာလွန်မင်းနှင့် ဓနုတ်စေတီတော်

       သက္ကရာဇ် ၁၀၀၆ ခုနှစ် သာလွန်မင်းလက်ထက်တွင် ဓနုတ်စေတီ၏ ထီးတော်မှာ အောက်ဆုံးဖောင်းရစ်တိုင်သည် ပြိုခဲ့၏။ ထိုအခါ မင်းတရားသည် စေတီတစ်ဆူလုံးကို အင်္ဂတေအသစ်ကပ်ခြင်းနှင့် အုတ်ရိုးပြန်တည်ခြင်းတို့ကို ဓနုတ်ကင်းမှ ရရှိသောအခွန်ငွေဖြင့် ပြုပြင်ခဲ့ပြီး ထီးတော်၊ ဆတ်သွားဖူး၊ ငှက်မြတ်နား၊ ရောင်လျှံဖူးအသစ်များကို လှူဒါန်းခဲ့လေသည်။ သက္ကရာဇ် ၁၀၄၁ ခုနှစ်တွင် မင်းရဲကျော်ထင်ဘုရင်လည်း ထီးဖျားမှ ဖိနပ်တော်အထိ ရွှေသင်္ကန်းကို ကပ်လှူပူဇော်၍ သက္ကရာဇ် ၁၀၆၃ ခုနှစ်တွင် စနေမင်းသည် လျှောကျလာသည့် ထီးတော်ကို အသစ်ပြန်၍ တင်လှူခဲ့သည်။ သက္ကရာဇ် ၁၀၇၅ ခုနှစ် ဘိုးတော်မင်းတရားခေါ် ပဒုံံမင်းလက်ထက်တွင် ငလျင်ဒဏ်ကြောင့် ဓနုတ်စေတီတော်၏ တတိယဖောင်းရစ်မှပြုတ်ကျခဲ့ရာ ဓနုတ်ကင်းသူကြီးကပြုပြင်ခဲ့သည်။ ကြေးထီးသစ်ကို ပဒုံံမင်းတရားက ပို့လိုက်သဖြင့် ရန်ကုန်မြို့ဝန် မင်းလှနော်ရထာသည် ပွဲသဘင်အစုံနှင့် ၁၁၇၃၊ တပို့တွဲလတွင် ထိုကြေးထီးသစ်ကို တင်ခဲ့လေသည်။

နယ်ချဲ့ဒဏ်နှင့် ဓနုတ်စေတီတော်

        သက္ကရာဇ် ၁၂၁၃ ခုနှစ်တွင် ဓနုတ်ကင်းခံတပ်မှ မြန်မာတို့နှင့် အင်္ဂလိပ်တို့ တိုက်ခိုက်ကြရာ အင်္ဂလိပ်တို့သည် ဓနုတ်စေတီခံတပ်ကို မြန်မာတို့ခံတပ်အဖြစ် အသုံးမချနိုင်စေရန် စေတီတံတိုင်းအား ဖြိုဖျက်လိုက်ကြ၏။ ထို့ပြင်ဓနုတ်စေတီတော်ရင်ပြင်ပေါ်နှင့် ပတ်ဝန်းကျင် ဇရပ်၊ တန်ဆောင်း၊ သိမ်၊ ကျောင်းတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပြန်သည်။

အင်္ဂလိပ်လက်အောက်သို့

         သက္ကရာဇ် ၁၂၁၄ ခုနှစ်၊ ပြာသိုလဆန်း (၁၂)ရက်၊ တနင်္လာနေ့မှစ၍ အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့သည်တွင် ဓနုတ်စေတီတော်သည်လည်း အင်္ဂလိပ်လက်အောက်သို့ ကျရောက်ကာ ဓနုတ်ကင်းနှင့်ရွာသည်လည်း ပျောက်ကွယ်ခဲ့၏။ ဓနုတ်စေတီတော်၏ ပွဲတော်မှာ သက္ကရာဇ် ၁၂၁၄ ခုနှစ်မှ ၁၂၃၀ပြည့်နှစ်အထိ မကျင်းပနိုင်ဘဲ ၁၂၃၁ ခုနှစ် တန်ဆောင်းမုန်းလတွင်မှ သခွက်ပင်၊ ဘုရားကြီးချောင်၊ ရခိုင်ချောင်စသော ရွာများမှ ရွာသားများက ဦးဆောင်၍ ပွဲတော်ကို ပြန်လည်ကျင်းပကြပါသည်။

ဒုတိယပိုင်း–သင်တိုင်းစေတီတော်

           သက္ကရာဇ် ၁၂၅၁ ခုနှစ်ထိနှစ်စဥ် ဓနုတ်စေတီဗုဒ္ဓပူဇနိယပွဲတော်ဖြစ်ပြီးနောက် ၁၂၅၁ ခုနှစ်တွင် ငလျင်လှုပ်၍ ခေါင်းလောင်းပုံထိပ်မှ အထက်ပိုင်းသည် မြေသို့လျှောဆင်းခဲ့သည်။ ထိုနှစ်ပွဲတော်မဖြစ်ချေ။ ပတ်ဝန်းကျင်ရှိ ဘုရားကြီးချောင်၊ ဘိုပြူချောင် ၊ ညောင်ချောင်း၊ ဦးရွှေအုပ် အစု သခွက်ပင်ရွာတို့မှ လယ်ပိုင်ရှင်များက အမှတ်တမဲ့ နေကြသောကြောင့် ရန်ကုန်တောင်ဘက်ကမ်းပေါ်ရှိ ကမာကဆစ်ရွာလယ်ပိုင်ရှင် ဦးကြည်က ငါးဆယ့်ငါးတောင်ခန့်မြင့်သော ဓနုတ်စေတီငုတ်တိုပေါ်၌ ကိုးတောင်မြင့် စေတီငယ်တစ်ဆူကို ၁၂၅၂ ခုနှစ်တွင် လာ၍ တည်ပေးခဲ့သည်။ ထိုနှစ်မှစ၍ ၁၂၇၇ ခုထိ နှစ်စဥ်ဘုရားပွဲတော်ဖြစ်မြောက်ခဲ့၏ ။

           ဦးကြည်သည် စေတီငယ်တည်ပြီးသည်ကစပြီး စီးပွားရေးတိုးတက်ခဲ့သောကြောင့် ဓနုတ်စေတီသစ်ကြီးကို ရှေးအတိုင်းပြန်တည်ပေးမည်ဟု အားခဲစဥ် ကွယ်လွန်သွားခဲ့၏။ သို့ပေမယ့် သူ၏သားဖြစ်သူ ကမာကဆစ်ဆန်စက်သူဌေး ဦးဘိုးခင် က ဓနုတ်စေတီတော်အတွကိ ဖခင်လျာထားခဲ့သော ငွေစတစ်သောင်းကို မတည်ပြီး သက္ကရာဇ် ၁၂၇၇ တွင် (၁၂၄)တောင်မြင့်သော ဓနုတ်စေတီကို စေတီဟောင်းအပေါ်၌ ပြန်တည်ပေးလေသည်။ ပုံတော်မှာ ရန်ကုန်နေပြည်ဆူးလေစေတီအတိုင်း ပန်းတင်ခုံအရင်းမှ ငှက်ပျောဖူးထိပ်အထိ ရှစ်ထောင့်ချိုးဖြစ်လေသည်။ ၁၂၇၉ ခုနှစ်ဦး တန်ခူးလကွယ် သောကြာနေ့တွင် ထီးတင်ပြီးခဲ့လေသည်။ ငှက်မြတ်နားတွင် တပ်ဆင်ထားသော ရွှေဆည်းလည်း (၁၀)လုံး၊ ထီးတော်တင်တွင် ဆွဲထားသော ငွေဆည်းလည်း (၁၀၀)၊ ကြေးဆည်းလည်း (၅၀)လုံးတို့မှ ကလင်ကလင်တနောင်နောင်မြည်သံတို့သည် စေတီ၏ တိုးတက်လာမှုကို  ကြော်ငြာနေဘိသကဲ့သို့တည်း။ စေတီတော်ထိပ်ကြာဖူးမှာ ငွေပြားဖြစ်လေသည်။ ထိုရွှေဖူး၏ ထိပ်တွင် စိန်ကြီးအစစ်တစ်လုံး၊ ဘေးတွင် ကျောက်နီစီ ရွှေပွင့်သုံးပွင့် တပ်ဆင်ထားလေသည်။ ငှက်မြတ်နားတွင်လည်း ကျောက်နီ၊ ပတ္တမြား ၊ ကျောက်စိမ်း၊ နီလာ၊ ပုလဲ၊ ဥဿဖယားကျောက်များကို တပ်ဆင်ပူဇော်ကြလေသည်။ထိုနှစ်မှစ၍ ၁၂၈၅ ခုနှစ်ထိနှစ်စဥ် တန်ဆောင်မုန်းလပြည့်တွင် တစ်ပွဲ၊ တန်ခူးလကွယ်တွင် တစ်ပွဲ၊ ပေါင်းနှစ်ပွဲဖြင့် ဓနုတ်တိုက်နှင့် မုတ်ကျွတ်ရွာသူရွာသားများသည် စေတီတော်အား ကန်တော့ခဲ့ကြလေသည်။

           အရှေ့မျက်နှာအရုဏ်ခံတန်ဆောင်းကို ၁၂၈၄ ခုနှစ်မှစ၍ တည်ဆောက်ကြလေသည်။ အမြင့် ၁၀ပေ၊ ဗရုသော စကျင်ကျောက်ဖြူ တင်ပလ္လင်ခွေထိုင် ဘုရားရုပ်ပွားကြီးကို မှန်စီရွှေချတိုက်ခန်းကျယ်အတွင်း မှန်စီရွှေချပလ္လင်ပေါ်၌ လူအများကိုးကွယ်ရန် ပူဇော်ထားလေသည်။ လက်ယာလက်တော်၌ အနေအထားကို ထောက်သော် ဝရဒမုခြာကိုးပါးကို မသိကျွမ်းသော ကျောက်စာထိုးသူက လက္ခဏပြဟန်ခေါ် ဆုတော်ပေးဟန် ရုပ်ပွားဟု ဆုရပေမည်။ ရုပ်ပွားမုဒြာရုပ်ပွားဟု ထိတန်ဆာကျောက်စာတွင် ဆိုထားသည်မှာ မသင့်လျှော်၊ ယခုခေတ်တွင် ဘူမိဖဿ သခေါ် လက်ယာလက်ဖျား မြေထိဟန် ရုပ်ပွားမှတစ်ပါး မြန်မာပြည်၌ ဤခေတ်တွင် ထုလုပ်ကိုးကွယ်ခြင်းမရှိကြပေ။ ဗုဒ္ဓဝင်ရုပ်လုံး ၁၅ ခန့်တို့ဖြင့် တန်ဆောင်းအတွင်း တန်ဆာဆင်ထားလေသည်မှာ ပိဋကတ်ပညာတန်ဖိုးသာမက ပန်းပု၊ ပန်းချီ ပညာတန်ဖိုးလည်း ရှိလှပေသည်။ ၁၂၈၆ ခုကျမှ တည်ဆောက်ပြီး အပြီးကိုင်ခဲ့သည်။

ပြည်ထောင်စုခေတ် ဓနုတ်စေတီ

        ၁၃၁၁ ခု၊ သီတင်းကျွတ်လပြည့်ကျော် သီတင်းကျွတ်လပြည့်ကျော် (၆)ရက်နေ့တွင် လေပြင်းတိုက်ခတ်သောကြောင့် ငှက်မြတ်နားသည် တွဲရရွဲပြုတ်ခဲ့ရ၏ ။ စေတီအနီး၌ အမြဲနေသော စေတီကို စောင့်ရှောက်နေသော ဘုရားစာရေးကြီး ဦးဘရှင်သည် ချက်ချင်းပင် ဂေါပကများထံ အကြောင်းကြားလိုက်သဖြင့် လူကြီးမင်းများ အလျန်အမြန် ရောက်လာပြီးလျှင် ငှက်မြတ်နားသာမဟုတ် စိန်ဖူးကိုပါ ဖြုတ်ပြီး ရန်ကုန် နေပြည်တော်သို့ ယူဆောင်သွားကြကာ ရွှေတဂုံစေတီတော် ဂေါပက ဘဏ္ဍာတော်တိုက်၌ အပ်နှံထားလိုက်ကြလေသည်။

           ၁၃၁၂ ခုနှစ်ကစ၍ လက်ရှိဂေါပကအဖွဲ့မှ ဆက်လက်၍ စေတီတော်မြတ်ကြီး ပျက်စီးယိုယွင်းမှုများနှင့် အောင်မင်္ဂလာသိမ်တော်ကြီး ဆောက်လုပ်လှူဒါန်းခြင်း၊ ပျက်စီးယိုယွင်းနေသော တန်ဆောင်း၊ ဇရပ်များ၊ အနောက်ဘက်မဟာရံတံတိုင်းတို့ကို ပြင်ဆင်မွမ်းမံခြင်း၊ နှစ်စဥ်နှစ်တိုင်း တန်ခူးလဆန်း (၈)ရက်မှစ၍ ၎င်းလဆန်း (၁၅)ရက်နေ့အထိ ဗုဒ္ဓပူဇနိယဆွမ်းတော်ကြီးတင်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတော်ကြီးကို ကျင်းပခဲ့ကြပါသည်။ သဒ္ဒါကြည်လင်ပါရမီရှင်အပေါင်းတို့အား ဖူးမြော်ကြည်ညိုလှူဒါန်းကြပါရန် အထူးနှိုးဆော်ဖိတ်ကြားအပ်ပါသည်။

ဘက်စုံမွမ်းမံပြင်ဆင်မှု ဆောင်ရွက်ချက်များ

    ဓနုတ်စေတီတော်ကြီး ဘက်စုံံမွမ်းမံရေးဗဟိုကော်မတီမှ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသည်—

၁။ ဓနုတ်စေတီတော်မြတ်ကြီး ငှက်ပျောဖူးတော်ကွဲနေသဖြင့် (၄ပေ ၁လက်မ) ဖြတ်ချပြီး ငှက်ပျောဖူးအသစ်ပြုလုပ်ခဲ့ပါသည်။ ကြာမောက်ကြာလန် အသစ်ပြင်ဆင်ခဲ့ပါသည်။

၂။ ထီးတော်ကြီးအား ကြေးထီးအသစ် ဘုံ(၉)ဆင့်ဖြင့် တင်လှူခဲ့ပါသည်။

၃။ ရွှေတိဂုံစေတီတော်တွင် အပ်နှံထားသော စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား ပြန်လည်၍ ဓနုတ်စေတီတော်မြတ်ကြီးတွင် တင်လှူခဲ့ပါသည။

၄။ ငှက်ပျောဖူးတော်အား ၉လက်× ၉လက်မ ပတ်လည် ကြေးပြားခံ ရွှေသင်္ကန်းကပ်လှူခဲ့ပါသည်။

၅။ စေတီတော်မြတ်ကြီး၏ အထက်ပစ္စယံရင်ပြင်အား ၃လက်မှတ်အထူကွန်ကရစ်ကြမ်းခင်းအသစ်လောင်းခဲ့ပါသည်။

၆။ စေတီတော်မြတ်ကြီးတွင် လိုအပ်သော စေတီရံ (၁၃)ဆူအား တစ်ဦးချင်း အလှူရှင်များဖြင့် တည်ထားပါသည်။

၇။ စေတီတော်မြတ်ကြီး ၏ရင်ပြင်တော်ပတ်လမ်းအား အပူငြိမ်းကျောက်ပြားများ ခင်းပါသည်။

၈။ စေတီတော်မြတ်ကြီး အထက်ပစ္စယံအား သံတိုင်သံပန်းများတပ်ဆင်ခဲ့ပါသည်။

၉။ စေတီတော်မြတ်ကြီး၏ မဟာရံတံတိုင်းအား အသစ်ပြုလုပ်ခဲ့ပါသည်။

၁၀။ စေတီတော်မြတ်ကြီး၏ မုခ်ဦး ၄မုခ်တွင် ခြင်္သေ့များအသစ်ပြုလုပ်ခဲ့ပါသည်။

၁၁။ ဆံတော်ရှင်တံခွန်တိုင် လှူဒါန်းပူဇော်ခဲ့ပါသည်။

၁၂။ စေတီတော်မြတ်ကြီးတွင် အောင်မြေအဆောက်အဦးတခု ဆောက်လုပ်ပါသည်။

၁၃။ ထီးတော်အဟောင်းအား ဌာပနပြီး စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်တွင် ထီးတော်စေတီတစ်ဆူတည်ထားပါသည်။

၁၄။ ဂြိုဟ်တိုင်ဘုရားများ၊ ရွှေစစ်ရေကန်များ အသစ်ပြုလုပ်ပါသည်။

၁၅။ တန်ဆောင်းများအား မှန်စီခြင်း၊ ဆေးသုတ်ခြင်း၊ ရေနံသုတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

၁၆။ အရှေ့ဘက် အာရုံံခံတန်ဆောင်းအတွင်းမှ ဆင်းတုတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပါသည်။

၁၇။ မြောက်ဘက်အာရုံခံတန်ဆောင်းအတွင်းမှ ဆင်းတုတော်(၃)ဆူအား ရွှေသင်္ကန်းကပ်လှူပါသည်။

၁၈။ တန်ဆောင်းများတွင် မီးပန်းဆိုင်များ တပ်ဆင်ခြင်း၊ တိုင်များအား မှန်စီခြင်း၊ ရွှေဆေးသုတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

၁၉။ မီးစက်များထားရန် စက်ရုံအသစ်တခု ဆောက်လုပ်ခဲ့ပါသည်။

၂၀။ စေတီတော်မြတ်ကြီး မြောက်ဘက်မုခ်ဦးမှ ဦးဘမင်းဇရပ်မှာ အောက်ခြေတိုင်များ ဆွေးမြေ့ပြတ်တောက်နေပြီး ပြိုလဲမည့်အနေအထားဖြစ်နေ၍ နယ်မြေခံတပ်ခွဲမှူး အစီအစဥ်ဖြင့်အုတ်ပတ်ကာ အသစ်ပြုလုပ်ပြင်ဆင်မွမ်းမံခဲ့ပါသည်။

၂၁။ စေတီတော်ရင်ပြင်တွင် မီးတိုင်၊ မီးပန်းဆိုင် (၈)ခု တပ်ဆင်ခဲ့ပါသည်။

၂၂။ စေတီတော်ဘက်စုံ ပြင်ဆင်မွမ်းမံရေးလုပ်ငန်းများ အလှူငွေပေးအပ်ပွဲအစည်းအဝေးများပြုလုပ်နိုင်ရန် ဂေါပကရုံးနှင့် အစည်းအဝေးခန်းမတစ်ခုဆောက်လုပ်ခဲ့ပါသည်။

၂၃။ တံခွန်တိုင် အသစ်တစ်ခုဆောက်လုပ်ခဲ့ပါသည်။

၂၄။ သောက်ရေအိုးစင်များ၊ ခရေပင်များတွင် ထိုင်ခုံများပြုလုပ်ခဲ့ပါသည်။

၂၅။ စေတီတော်မြတ်ကြီးအား မီးစက်အသစ်(၃)လုံး လှူဒါန်းထားရှိပါသည်။

၂၆။ စေတီတော်မြတ်ကြီးအား မိုးကြိုးလွှဲများတပ်ဆင်ခြင်း၊ ညစဥ်မီးပူဇော်ခြင်း၊ နှစ်စဥ် ထုံးသင်္ကန်းကပ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

၂၇။ တန်ဆောင်းများ၊ ဇရပ်များအား ပြုပြင်ခြင်း၊ ဆေးသုတ်ခြင်း၊ ရေနံသုတ်ခြင်း နှစ်စဥ်ပြုလုပ်ပါသည်။

၂၈။ စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ချဥ်းကပ်လမ်းထိပ်တွင် မုခ်ဦးတစ်ခု(၃သိန်းကုန်) ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

၂၉။ စေတီတော်မြတ်ကြီး၏ ကြာမှောက် ကြာလန် ရွဲလုံး၊ ကြာနုလေး၊ ကြာနုကြီး အထိ ၉လက်မှ× ၉လက်မပတ်လည် ကြွေပြားခံ ရွှေချပြီးဖြစ်ပါသည်။

၃၀။ စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ မင်္ဂလာသိမ်တော်အား သွပ်မိုးခြင်း၊ အုတ်ပတ်ကား အပြည့်တက်ခြင်းအသစ်ပြုလုပ်ခဲ့ပါသည်။

၃၁။ စေတီတော်မြတ်ကြီး အနောက်ဘက်တန်ဆောင်းမှန်စီခြင်း၊ ကျောက်ပြားခင်းခြင်း၊ ဆေးသုတ်ခြင်းများအားပြုလုပ်ခဲ့ပါသည်။

၃၂။ စေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ်ဦး အာရုံခံတန်ဆောင်းအား သွပ်ပန်းများတပ်ဆင်လှူဒါန်းခြင်းကို ရှေးမူမပျက် ဆောင်ရွက်ခဲ့ပါသည်။

     ဓနုတ်စေတီတော်ကြီး ဘက်စုံံမွမ်းမံရေးဗဟိုကော်မတီမှ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို နှစ်စဥ်တန်ခူးလဆန်း(၉)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်ပြီး သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးတင်လှူခြင်း လုပ်ငန်းများအား ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်

ယက္ကန်းစင်တောင်နှင့် ဗားမဲ့ဆရာတော်

     အလျား–၁၅– ပေ၊ အနံ–၁၀ပေရှိ တိုက်အတွင်း အုတ်ပလ္လင်တော်၌ ပုံတော်(၅)ခုကို တွေ့ရသည်။ ယက္ကန်းစင်တောင်ဆရာတော်၊ ဗားမဲ့ဆရာတော်၊ ပထမံဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ အောင်မင်းခေါင် ရုပ်ထုတို့ဖြစ်ပြီး ထိုဆရာတော်ကြီးများ ကျိုက်ဓနုတ်ဆံတော်ရှင်စေတီသို့ ကြွရောက်ခဲ့ဖူးကြောင်း အစဥ်အလာပြောစကားရှိ၍ အမှတ်တရ ထုလုပ်ထားခဲ့ရာ ယခုဂေါပကအဖွဲ့မှ ပြုပြင်ထားရှိပါသည်။

စေတီရံ(၁၃)ဆူ တည်ထားကိုးကွယ်ခြင်း

       ဓနုတ်စေတီတော်ကြီး၏ အထက်ပစ္စယံတွင် လိုအပ်နေသော စေတီရံ(၁၃)ဆူအား အလှူရှင်များမှ တည်ထားကိုးကွယ်ကြပါသည်။ စေတီရံတစ်ဆူလျှင်(၁၂၀၀ိ/)ကျပ် ကုန်ကျပါသည်။

တည်နေရာပြ အညွှန်း

ဓနုတ်စေတီတော်သည် ဒလမြို့နယ်၊ ဓနုတ်စံပြကျေးရွာတွင်တည်ရှိသည်။