ဘုရားကြီးဆိုင်ရာ

ခြောက်ထပ်ကြီးရွှေသာလျောင်း ဘုရားသမိုင်း


ဘွဲ့အမည်

ဉာဏ်တော်အရှည်

ဝတ္တကမြေအကျယ်အဝန်း
ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကြီး
၂၁၆ ပေ (၆၅.၈၃ မီတာ)
၄.၂၅ ဧက
ငါးထပ်ကြီးဘုရား(မဟာသကျအတုလာမာရ်အောင်ဘုရားကြီး)၏ ဘုရားဒါယကာ ဦးဘိုးအောင်၊ ဒေါ်စိန်ရင်တို့ ထံမှ စပါးပွဲစာကြီး ဆာဘိုးသာ၊ ဒေါ်ပုတို့မှ ငါးထပ်ကြီးဘုရား၏ အရှေ့မြောက်ဘက်တွင် ဘုရားတစ်ဆူတည်ထား ကိုးကွယ်ရန် ရည်ရွယ်လျက် မြေ(၄.၂၅)ဧကခန့်ကို ခေတ်ကာလတန်ဘိုး(၁၄၂၀၀)ကျပ်ဖြင့် ဝယ်ယူခဲ့ပါသည်။
ဝယ်ယူပြီးနောက် ၁၉၀၇ခု၊ ဖေဖော်ဝါရီလ(၁၇)ရက်၊ တနင်္ဂနွေနေ့တွင် ငါးထပ်ကြီးဘုရားကျောင်းတိုက်၌ အောက်မြန်မာပြည် ဟံသာဝတီလေးရပ်၏ ဂိုဏ်းချုပ်ဖြစ်သော အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာသဘ အမှူးပြုသည့် သံဃာတော်တစ်ရာကျော်နှင့် ဂုဏ်သရေရှိမြို့မိမြို့ဖ အပေါင်းတို့အား ပင့်ဖိတ်ဆွမ်းကပ်လှူဒါန်းကျွေးမွေးပြီး ငါးထပ်ကြီးဘုရား၏ အရှေ့မြောက်ဘက်ဝယ်ယူဝန်ထားသည့် (၄.၂၅)ဧကရှိ ကုန်းတန်းပေါ်တွင် ဉာဏ်တော် အတောင်(၁၂၀)၊ ပေ(၁၈၀)ရှိ ရွှေသာလျောင်းရုပ်ပွားတော်ကြီး တစ်ဆူတည်ထားကိုးကွယ်မည့် အကြောင်း လျှောက်ထားပန်ကြားခဲ့သည်။
ကြွရောက်တော်မူလာသည့် ဆရာတော်၊ သံဃာတော်များနှင့်တကွ မြို့မိမြို့ဖအပေါင်းတို့က သောင်းသောင်းဖြဖြ အနုမောဒနာပြုလျက် မိမိတို့သဒ္ဓါ ဆန္ဒအလျောက် ပံ့ပိုးကူညီကြမည်ဖြစ်ကြောင်း ဝန်ခံကြလေသည်။ ဆက်လက် ၍ တည်ထားကိုးကွယ်မည့် ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူအပေါင်းမှလည်း ပါဝင် လှူဒါန်းကုသိုလ်ယူနိုင်ကြစေရန် မြန်မာသံတော်ဆင့်သတင်းစာတွင် ကြော်ငြာစာထည့်သွင်း၍ နှိုးဆော်ခဲ့လေ သည်။
ဘုရားတည်ရန် ပန်းရံဆရာကြီး ဦးကြီးညို၊ ဦးဘိုခင်တို့မှ နမူနာပုံစံအဖြစ် တောင်ဘက်မှအစပြု၍ မြောက်ဖက်သို့ ဦးခေါင်းတော်လက်ထောက်ဘုရားလေးဆူနှင့်ခေါင်းအုံးတော် တံတောင်ထောက်ဘုရားတစ်ဆူ ပေါင်းဘုရားငါးဆူ နမူနာတည်ထားပြသလေသည်။ ပန်းရံဆရာကြီး(၂)ဦးမှာ ဆာဘိုးသာ၏ဇာတိချက်မြှုပ်ဘားကူးရွာမှဖြစ်ပြီး ပဲခူးမြို့ကျိုက္ကလွန်ဘုရားကြီးရုပ်ပွားတော် (၄)ဆူတည်ခဲ့ဘူးသည့် ဆရာကြီးများဖြစ်သည်ဟုသိရသည်။ ဘုရားကြီး အား ၁၂၆၉ (၁၉၀၇)ခုနှစ်တွင် စတင်တည်ခဲ့သည်။ တည်နေစဉ်အတွင်း လုပ်ငန်းအဆင်မပြေမှုများကြောင့် ဘုရား ကြီးမပြီးစီးမီ အလုပ်မှထွက်ခွာသွားခဲ့ကြ၍ တာဝန်ခံကိုယ်စားလှယ်မှ အခြားပန်းရံဆရာတစ်ဦးအား ထပ်မံခေါ်ယူ ၍ ဆက်လက်တည်ခဲ့ရသည်။ ထပ်မံငှါးရမ်းသည့် ပန်းရံဆရာ၏ရုပ်ပွားဖမ်းသည့် ပညာမကျွမ်းကျင်မှုကြောင့် အချိုးအစားကျနအောင် တည်နိုင်ခဲ့ခြင်းမရှိကြောင်းသိရပါသည်။ ဘုရားကြီးအား(၅)နှစ်ခန့်ကြာအောင် တည်ထား ခဲ့ရပါသည်။ ခြောက်ထပ်၊ ခြောက်ဆင့်မြင့်သည့် ကုန်းမြေပေါ်တွင် တည်ထားသဖြင့် ခြောက်ထပ်ကြီးဘုရားဟု တွင်သည်ဟု မှတ်သားရပါသည်။
ဘုရားကြီး၏အတိုင်းအထွာများ

၁။ ပလ္လင်တော်အလျား ၂၃၁ ပေ
၂။ ပလ္လင်တော်အနံ ၅၀ ပေ
၃။ ပလ္လင်တော်အမြင့် ၅ ပေ
၄။ ဘုရားကြီး၏ ဉာဏ်တော်အရှည် ၂၁၆ ပေ
၅။ ဘုရားကြီး၏ ဉာဏ်တော်အမြင့် ၅၈ ပေ
၆။ ဘုရားကြီး၏ ရောင်လျံတော်အမြင့် ၈ ပေ
၇။ ဘုရားကြီး၏ ရောင်လျံတော်လုံးပတ် ၄၈ ပေ ၆ လက်မ
၈။ ဘုရားကြီး၏ ဦးခေါင်းတော်လုံးပတ် ၈၉ ပေ ၉ လက်မ
၉။ ဘုရားကြီး၏ သင်းကျစ်တော်အရှည် ၄၆ ပေ ၉ လက်မ
၁၀။ ဘုရားကြီး၏ သင်းကျစ်တော်အနံ ၅ ပေ ၃ လက်မ
၁၁။ ဘုရားကြီး၏ ဉဏ္ဏလုံမွေးရှင်တော် ၁ ပေ ၆ လက်မ
၁၂။ ဘုရားကြီး၏ မျက်နှာတော်အရှည် ၂၄ ပေ
၁၃။ ဘုရားကြီး၏ မျက်နှာတော်အကျယ် ၃၈ ပေ
၁၄။ ဘုရားကြီး၏ နှာတံအရှည် ၉ ပေ
၁၅။ ဘုရားကြီး၏ မျက်ခုံးတော်အရှည် ၉ ပေ ၃ လက်မ
၁၆။ ဘုရားကြီး၏ မျက်လုံးတော်အရှည် ၅ ပေ ၈ လက်မ
၁၇။ ဘုရားကြီး၏ မျက်လုံးတော်ထက်/အောက် အနံ ၁ ပေ ၆ လက်မ
၁၈။ ဘုရားကြီး၏ နှုတ်ခမ်းတော်အလျား ၁၀ ပေ ၂ လက်မ
၁၉။ ဘုရားကြီး၏ နှုတ်ခမ်းတော်ထက်/အောက် အနံ ၁ ပေ ၆ လက်မ
၂၀။ ဘုရားကြီး၏ အထက်မျက်တော်မွှေးအရေအတွက် ၇၁ ပင်
၂၁။ ဘုရားကြီး၏ အောက်မျက်တောင်မွှေးအရေအတွက် ၆၀ ပင်
၂၂။ ဘုရားကြီး၏ နှာခေါင်းတော်အပေါက်အကျယ်အဝန်း ၄ ပေ
၂၃။ ဘုရားကြီး၏ နားရွက်တော်အရှည်/အလျား ၁၇ ပေ ၇ လက်မ
၂၄။ ဘုရားကြီး၏ နားရွက်တော်အချင်း/အနံ ၄ ပေ ၇ လက်မ
၂၅။ ဘုရားကြီး၏ လည်ပင်းတော်အရှည် ၈ ပေ
၂၆။ ဘုရားကြီး၏ လည်ပင်းတော်လုံးပတ် ၄၈ ပေ
၂၇။ ဘုရားကြီး၏ လက်ကောက်ဝတ်လုံးပတ် ၂၁ ပေ
၂၈။ ဘုရားကြီး၏ လက်ဖဝါးတော်အရှည် ၂၅ ပေ
၂၉။ ဘုရားကြီး၏ လက်ဖဝါးတော်အနံ ၁၂ ပေ
၃၀။ ဘုရားကြီး၏ လက်ရုံးတော်လုံးပတ် ၃၆ ပေ
၃၁။ ဘုရားကြီး၏ လက်ရုံးတော်အရှည် ၂၈ ပေ
၃၂။ ဘုရားကြီး၏ လက်မောင်းတော်လုံးပတ် ၂၅ ပေ
၃၃။ ဘုရားကြီး၏ ခြေဖဝါးတော်အရှည်/အလျား ၃၂ ပေ
၃၄။ ဘုရားကြီး၏ ခြေဖဝါးတော်အနံ/အကျယ် ၁၁ ပေ
ရွှေသာလျောင်းဘုရားကြီး စက်လက္ခဏာတော်

ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကြီး၊ နာယကဆရာတော်များနှင့် တည်ဆောက်ရေးအဖွဲ့ အမှုဆောင်လူကြီးများသည် ခြောက်ထပ်ကြီး ရွှေသာလျောင်းရုပ်ရှင်တော်မြတ်ကြီးကို သဇီဝဗုဒ္ဓရှင်တော် မြတ် ဘုရား၏ (၃၂)ပါးသော မဟာပုရိသလက္ခဏာတော်များနှင့် တသားတည်းပြည့်စုံညီညွတ်စေလိုသည့် အပြင် ဖူးမျှော်ကြသူပြည်သူအပေါင်း သဒ္ဓါတရားထက်သန်တိုးပွါးစေပြီး အသိဉာဏ်ဗဟုသုတရစေလို သည့် အာသီသဖြင့် ခြေဖဝါးတော်နှစ်ဖက်တို့၌ တစ်ရာ့ရှစ်ကွက်သော စက်လက္ခဏာများထည့်သွင်း ထုလုပ်ရန်ဆုံးဖြတ်ခဲ့ကြသည်။
စက်လက္ခဏာတော် စိစစ်ရေးအဖွဲ့သည် ပုဂံခေတ်လက်ရာများဖြစ်သည့် လောကနန္ဒာစေတီအနီး မှ တွေ့ရှိရသည့် လက်ဝဲခြေတော်ရာပုံစံနှင့် ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော် မြောက်ဘက်တန်ဆောင်း မှ တွေ့ရှိရသည့် လကျ်ာခြေတော်ရာပုံစံတို့ကိုအခြေခံ၍ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစသော ကျမ်းဂန်များ နှင့် တိုက်ဆိုင်စိစစ်လျက် စက်လက္ခဏာတော်ကို မူရင်းပုံစံများမှကူးယူပုံကြီးချဲ့ရေးဆွဲရန် တည်ဆောက် ရေးအဖွဲ့အမှုဆောင်လူကြီးတစ်ဦးဖြစ်သူ ပန်းချီဆရာကြီး ဦးအုံးသွင်ကြီးအားတာဝန်ပေးစေခိုင်း၍ ပုံကြီးချဲ့စေပြီး ဆရာတော်ကြီးများမှ စိစစ်တည်းဖြတ် ပြင်ဆင်အတည်ပြုပေးခဲ့ပါသည်။
အတည်ပြုရရှိသည့် စက်လက္ခဏာတော်အတိုင်း ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ တော်အစိုးရ ယဉ်ကျေးမှုဌာန၊ ပန်းချီပန်းပုဌာနခွဲမှ ပန်းပုပညာရှင်ဦးလွင်မောင်က စက်လက္ခဏာတွင် ပါဝင်သည့် ရုပ်လုံးများထုလုပ်ခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ် နိုဝင်ဘာလတွင် ထုလုပ်မှုပြီးစီးခဲ့ပြီး (၇-၁၂-၁၉၈၀) ရက်နေ့တွင် စက်လက္ခဏာတော်အား ဖွင့်လှစ်ပူဇော်ပွဲကျင်းပခဲ့ပါသည်။
စက်လက္ခဏာတော်နှစ်ဆူအတွက် ကုန်ကျစရိတ်မှာ (၃၂၇၇၈) ကျပ်ဖြစ်ပြီး အများပြည်သူ လှူဒါန်းမှုအစုစု၏ ကုသိုလ်တော်ဖြစ်ပါသည်။

စက်လက္ခဏာတော်အကြောင်း

မြတ်စွာဘုရား၏ ခြေဖဝါးနှစ်ပြင်၌ (၁၀၈) ကွက်စီသော စက်လက္ခဏာတို့သည် ထင်ကုန်၏။ ထို ၁၀၈ ကွက်သော စက်လက္ခဏာတို့သည် လောကသုံးပါးကို သရုပ်ဖော်၍ တည်ကုန်၏။ ၎င်း (၁၀၈) ကွက်တို့တွင် ဩကာသလောကကို သရုပ်ဖော်၍ အကွက်ပေါင်း (၅၉) ကွက်၊ သတ္တလောကကို သရုပ်ဖော်၍ (၂၁) ကွက်နှင့် သင်္ခါရလောကကို သရုပ်ဖော်၍ (၂၈) ကွက်ရှိကုန်၏။ သဘောက လောကသုံးပါးသည် မြတ်စွာဘုရား၏ ခြေတော်အောက်၌ရှိသည်။ မြတ်စွာဘုရားသည် လောကသုံးပါးထက် မြင့်မြတ်သည်ဟု ဆိုလိုသည်။ လက္ခဏာတို့သည် ဖွားတော်မူကာစကပင် ရှိလေသည်။ (၁၀၈) ယောက်ကုန်သော ပုဏ္ဏားတို့အနက်ရှစ်ဦးတို့သည် ဘုရားလောင်းသူငယ်၏ မြတ်သောလက္ခဏာတော်၏ ပြည့်စုံခြင်းကို ကြည့်၍ ပထမပုဏ္ဏားခုနှစ်ဦးမှစ၍ ဘုရားသော်လည်းကောင်း၊ စကြာမင်းသော်လည်းကောင်း ဖြစ်မည်ဟု ဆိုကြကုန်၏။ ကောဏ္ဍညနွယ်ဖွားသုဒတ္ထပုဏ္ဏားငယ်တစ်ဉးတည်းမှ “ဘုရားစင်စစ် ဖြစ်လတ္တံ့” ဟုတစ်ခွန်းတည်း ဟောဆိုလေသည်။ အကြောင်းမှာ ဘုရားလောင်း၏ ခြေတော်ပြင်လက္ခဏာအစဉ်ဝယ် စကြာမင်းပုံပါလေသည်။ စကြာမင်းထက်မြတ်သည်ကား လောကသုံးပါးတွင် ဘုရားသာလျှင်ဖြစ်ပေ သတည်း။
ထို့ကြောင့် ဤလက္ခဏာတော် (၁၀၈) ပါးကို ဖူးမြင်ရာတွင် မြတ်စွာဘုရား၏ တိလောကဂ္ဂ-လောကသုံးပါးထက် မြင့်မြတ်သောဂုဏ်၊ တိလောကန္နဂူ-လောကသုံးပါးမှ လွတ်မြောက်တော်မူသောဂုဏ်နှင့် လောကဝိဒူ-လောကသုံးပါးကို အကြွင်းမရှိသိမြင်တော်မူသော ဂုဏ်တော်တို့ကို နှလုံးသွင်း၍ ဖူးမြင်ကြကုန်ရာသတည်း။
ရွှေခြေနင်းကဲ့သို့ ညီညာသောဖဝါးတော်၏ အလယ်၌ အကန့်တစ်ထောင် ပုံးတောင်းချက်မအကွပ် နှင့်တကွဖြစ်သော စကြာရတနာသည် တည်ရှိနေသည်။ တစ်ရာ့ရှစ်ပါးသော စက်လက္ခဏာတော်များသည် လက်ယာရစ်ခရုသင်းကဲ့သို့ စကြာရတနာကို လက်ယာရစ် လှည့်လည်၍ တည်ရှိနေကြပေသည်။ ၎င်းတို့ကို အောက်တွင်ဖော်ပြထားရှိပါသည်။
၁ မှ ၁၇ အထိ
၁။ သတ္တိ – လှံမ
၂။ သိရီဝစ္ဆ – အိမ်မွန် (စုလစ်မွန်းချွန် အထွတ်တင်သောအိမ်)
၃။ နန္ဒိယာဝဋ္ဋ = ဇလပ်ပန်း (ဇလပ်ပန်းသဏ္ဌာန် ပြုလုပ်အပ်သောကလပ်)
၄။ သောဝတ္တိက = လည်ရေးသုံးဆင့်
၅။ ဝဋံသက – ဦးဆောက်ပန်း
၆။ ဝၓ္ဍမာနက – ထမင်းပွဲ
၇။ ဘဒ္ဒပီဌ – ရွှေအင်းပျဉ် (ရွှေသလွန်)
၈။ အင်္ကုသ – ချွန်းတောင်း
၉။ ပါသာဒ – ပြာသာဒ်
၁၀။ တောရဏ – တုရိုဏ်တိုင် (တံခါးတိုင်)
၁၁။ သေတစ္ဆတ္တ – ထီးဖြူ
၁၂။ ခဂ္ဂ – သန်လျက်
၁၃။ တလဝဏ္ဋ – ထန်းရွက်ယပ်ဝန်း
၁၄။ မယူရဟတ္ထ – ဉဒေါင်းမြီးယပ်
၁၅။ စာမရ – စာမရီသားမြီးယပ်
၁၆။ ဉဏှီသ – သင်းကျစ်
၁၇။ မဏိ – ပတ္တမြား
၃၅ မှ ၇၀ အထိ
၃၅။ အပရဂေါယာန – အနောက်ကျွန်း
၃၆။ ဇမ္ဗူဒီပ – တောင်ကျွန်း
၃၇။ ဉတ္တရကုရု – မြောက်ကျွန်း
၃၈။ ဒွိပရိတ္တဒီပသဟဿာ – ကျွန်းငယ်နှစ်ထောင်
၃၉။ စက္ကဝတ္တိ – စကြဝတေးမင်း
၄၀။ သင်္ခ – လက်ယာရစ်ခရုသင်း
၄၁။ မစ္ဆယုဂဠ – ငါးကြင်းအစုံ
၄၂။ စက္ကာဝုဓ – စက်လက်နက် (အသွားတပ်သော စက်လက်နက်)
၄၃-၄၉။ သတ္တမဟာဂင်္ဂါ – ဂင်္ဂါမြစ်ကြီးခုနှစ်စင်း (အိုင်ကြီးခုနစ်အိုင်)
၅၀-၅၆။ သတ္တကုလပဗ္ဗတာ – တောင်စဉ်ခုနစ်ထပ်
၅၇-၆၃။ သတ္တသီဒန္တရာ – သီတာခုနစ်တန်
၆၄။ သုပဏ္ဏကရာဇာ – ဂဠုန်မင်း
၆၅။ သံသုမာရ – မိကျောင်း
၆၆။ ဓဇပဋာကာ – တံခွန်ကုက္ကား
၆၇။ သုဝဏ္ဏသိဝိကာ – ရွှေသန်လျင်း (ရွှေထမ်းစင်)
၆၈။ ကေလာသပဗ္ဗတ – ကေလာသငွေတောင်
၆၉။ သီဟရာဇာ – ခြင်္သေ့မင်း
၇၀။ ဗျဂ္ဃရာဇာ – ကျားမင်း
၁၈ မှ ၃၄ အထိ
၁၈။ ပတ္တ – သပိတ်
၁၉။ သုမနဒါမ – မြတ်လေးပန်းဆိုင်း
၂၀။ နီလုပ္ပလ – ကြာညို
၂၁။ ရတ္တုပ္ပလ္လ – ကြာနီ
၂၂။ သေတုပ္ပလ – ကြာဖြူ
၂၃။ ပဒုမ – ကြာပဒုမ္မာ
၂၄။ ပုဏ္ဍရိက – ကြာပုဏ္ဍရိက်
၂၅။ ပုဏ္ဏဃဋ – ရေပြည့်အိုး
၂၆။ ပုဏ္ဏပါတိ – ရေပြည့်ဖလား
၂၇။ သမုဒ္ဒ – သမုဒ္ဒရာ
၂၈။ စက္ကဝါဠပဗ္ဗတ – စကြဝဠာတောင်
၂၉။ ဟိမဝန္တပဗ္ဗတ – ဟိမဝန္တာတောင်
၃၀။ သိနေရုပဗ္ဗတ – မြင်းမိုရ်တောင်
၃၁။ သူရိယမဏ္ဍလ – နေဝန်း
၃၂။ စန္ဒမဏ္ဍလ – လဝန်း
၃၃။ နက္ခတ္တ – နက္ခတ်
၃၄။ ပုဗ္ဗဝိဒေဟ – အရှေ့ကျွန်း
၇၁ မှ ၁၀၈ အထိ
၇၁။ ဝလာဟကအဿရာဇာ – ဝလာဟကမြင်းမင်း
၇၂။ ဉပေါသထဆဒ္ဒန္တနာဂရာဇာ – ဉပေါသထဆင်မင်း (သို့) ဆဒ္ဒန်ဆင်မင်း
၇၃။ ဝါသုကီနာဂရာဇာ – ဝါသုကီနဂါးမင်း
၇၄။ ဟံသရာဇာ – ရွှေဟင်္သာမင်း
၇၅။ ဉသဘရာဇာ – နွားလားဉသဘမင်း
၇၆။ ဧရာဝဏဟတ္ထိရာဇာ – ဧရာဝဏ်ဆင်မင်း
၇၇။ သုဝဏ္ဏမကာရ – ရွှေမကာရ်း
၇၈။ စတုမုခသုဝဏ္ဏနာဝါ – မုဒ်ထွက်လေးခုရှိသော ရွှေလှေ
၇၉။ သဝစ္ဆကာဓေနု – နို့စို့နွားငယ်ရှိသောနွားမ
၈၀။ ကိံပုရိသော – ကိန္နရာဖို
၈၁။ ကိန္နရီ – ကိန္နရာမ
၈၂။ ကရဝီက – ကရဝိတ်ငှက်
၈၃။ မယူရရာဇာ – ကြိုးကြာငှက်မင်း
၈၄။ ကောဉ္ဇရာဇာ – ရွှေဉဒေါင်းမင်း
၈၅။ စက္ကဝါကရာဇာ – စက္ကဝါက်ငှက်မင်း
၈၆။ ဇီဝဇီဝဉ္စိကရာဇာ – ဇီဝဇိုးငှက်မင်း
၈၇-၉၂။ ဆဒေဝလောကာ – ကာမာဝစရ နတ်ပြည်ခြောက်ထပ်
၉၃-၁၀၈။ သောဠသဗြဟ္မလောကာ – ရူပါဝစရဗြဟ္မာ တစ်ဆယ့်ခြောက်ဘုံ
ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကြီး၏ ပမာဏအတိုင်းအထွာတော်များ သံပေါက်လင်္ကာ

၁။ မြို့တော်ရွှေဂုံ၊ သာမျိုးစုံ၊ ရန်ကုန်နေပြည်ဝယ်။
၂။ ရှင်ပင်ကျော်ဟည်း၊ ခြောက်ထပ်ကြီး၊ မငြီးရှုမောဖွယ်။
၃။ သက်တော်ဝိညာဉ်၊ရှိသောသွင်၊ ကြည်လင်လွန်တင့် တယ်။
၄။ သူရိန်နတ်မင်း၊ ဖူးမြော်ခြင်း၊ မယွင်းခံသည့်နှယ်။
၅။ ထို့ကြောင့်သာပင်၊ မြတ်စောရှင်၊ တိုင်းခွင်လွန်ကြီး ကျယ်။
၆။ နှစ်ရာ့သုံးဆယ်၊ပေဖြင့်ကွယ်၊ မှတ်ဖွယ်ပလ္လင်အလျား။
၇။ အနံအကျယ်၊ ပေငါးဆယ်၊ တစ်သွယ်မှတ်၍ထား။
၈။ အမြင့်ငါးပေ၊ ပလ္လင်ဗွေ၊ တစ်တွေမြဲမှတ်သား။
၉။ စွန်းဆယ့်ခြောက်ပေ၊ လွန်ကဲနေ၊ ဉာဏ်ရှည်နှစ်ရာ ထား။
၁၀။ ငါးဆယ့်ရှစ်ပေ၊ ဉာဏ်တော်နေ၊ မှတ်လေအမြင့်ကား။
၁၁။ ရောင်တော်လျှံတင့်၊ ရှစ်ပေမြင့်၊ ဦးကင်းထိပ်တော် ထား။
၁၂။ လေးဆယ်ထက်ကဲ၊ ရှစ်ပေခွဲ၊ မှတ်မြဲလုံးပတ်အား၊
၁၃။ လက်မကိုးခု၊ အစွန်းပြုလျက်၊ စတုသီတိ လုံးပတ်ရှိမဏိဦးခေါင်းကား။
၁၄။ သင်းကျစ်တော်ရှည်၊ လေးခြောက်ပေ၊ ကဲလေကိုး လက်မ။
၁၅။ အနံအရွယ်၊ ငါးပေကျယ်၊ တစ်သွယ်သုံးလက်မ။
၁၆။ ဥဏ္ဏလုံမွေ၊ ငွေနန်းခွေ၊ တစ်ပေခြောက်လက်မ။
၁၇။ နှစ်ဆယ့်လေးပေ၊ မျက်နှာရှည်၊ မသွေမှတ်လေကြ။
၁၈။ မျက်နှာအကျယ်၊ တိုင်းရာဝယ်၊ သုံးဆယ့်ရှစ်ပေရ။
၁၉။ နှာတံဖြောင့်စင်း၊ကိုးပေချင်း၊မယွင်းသင်္ချာရ။
၂ဝ။သုံးလက်မကိုးပေ၊ အလျားရှည်၊ မှတ်လေ ဘမုခ။ (မျက်ခုံးက)
၂၁။ရှစ်လက်မငါးပေ၊ အလျားရှည် မှတ်လေ နယန။ (မျက်လုံးက)
၂၂။ ထက်အောက်အကျယ်၊ အနံငယ်၊ မှတ်ဖွယ်တစ်ခွဲရ။
၂၃။ သန္တာရောင်ပြေး၊ နီထွေးပါးလှပ်၊ ပါးစပ်အလျား၊ ဆယ်ပေထား၊ မှတ်သားနှစ်လက်မ။
၂၄။ ထက်အောက်အနံ၊ ဧကန်မသွေ၊ တိုင်းတာလေ၊ တစ် ပေခြောက်လက်မ။
၂၅။ အထက်မျက်တောင်၊ ကော့ယောင်ယောင်၊ ပင်ထောင် ခုနစ်ဆယ့်တစ်။
၂၆။ အောက်မျက်တောင်မွေး၊ ကော့သေးသေး၊ ပင်ရေး ခြောက်ဆယ်ဖြစ်။
၂၇။ နှာဝအကျယ်၊ မသေးငယ်၊ မှတ်ဖွယ်စင်စစ်၊ လေးပေ ဖြစ်။
၂၈။ နားတော်ဖားဖား၊ အရှည်ကား၊ မှတ်သားဆယ့်ခုနစ်။
၂၉။ အစွန်းလက်မ၊ ဖော်ညွှန်းပြ၊ သတ္တဂဏန်းစစ်။
၃၀။ အချင်းလေးပေ၊ သင်္ချာနေ၊ သတ္တေလက်မဖြစ်။
၃၁။ ရွှေမရိုးစည်၊ သွင်တူညီ၊ရွှေလည်တိုင်မြတ်၊ရှစ်ပေမှတ်။
၃၂။ ရှစ်ပေခြောက်လီ၊ သင်္ချာသည်၊ ရွှေလည်လုံးပတ်၊ ထုံး ဖြင့်မှတ်။
၃၃။ ဧကဝီသ၊ လုံးပတ်ရ၊ မှတ်ကြလက်ကောက်ဝတ်။
၃၄။ ရှည်နှစ်ဆယ့်ငါး၊ နံကားဆယ့်နှစ်၊ လက်ဝါးဖြစ်၊ စိစစ် ရေတွက်မှတ်။
၃၅။ သုံးဆယ့်ခြောက်ပေ၊ လုံးပတ်နေ၊ မှတ်လေလက်ရုံးတော်။
၃၆။ နှစ်ဆယ့်ရှစ်ပေ၊ အလျားနေ၊ တစ်ထွေလက်ရုံးတော်။
၃၇။ ပေနှစ်ဆယ့်ငါး၊ လုံးပတ်ထွား၊ မှတ်သားလက်မောင်းတော်။
၃၈။ အလျားသုံးနှစ်၊ နံဆယ့်တစ်၊ မှတ်လစ်ခြေဖဝါးတော်။
၃၉။ ခြောက်ထပ်ရှင်ပင်၊မြတ်စောရှင်၊ဤတွင်အတိုင်းတော်။
၄၀။ မှတ်လွယ်စေလို၊ သံပေါက်ဆို၊ ထေရ်ပျိုရဟန်းတော်။
၄၁။ သိလိုသူများ၊ ကျက်မှတ်ထား၊ တိုးပွားကုသိုလ်တော်။