လျောင်းတော်မူဗုဒ္ဓရုပ်ပွားဆင်းတုတော်

အသေးစိတ် အချက်အလက်များ

အိမ်တော်ရာဘုရားဝင်းအတွင်း၌ ပူဇော်ခံစမ္ပာယ်တော်မူသော လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို မန္တလေးမြို့နေ မြန်မာမှု ပညာရှင်ဦးတော်တော်မိသားစု၊ မင်းဓမ္မကုန်းတော်ပေါ်၌ ကျောက်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ထုလုပ်စဉ်က ထွက်ရှိလာသော အလျား ၆ပေ၊ အမြင့် ၂ပေခန့် အလေးချိန်(၁)တန်ခန့်ရှိ စကျင်ကျောက်အစိတ်အပိုင်းဖြင့် ထုလုပ်ထားသည်။ ဤကြည်ညိုဖွယ်ရာ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်မြတ် တစ်ဆူကို စေတီတော်သြဝါဒါစရိယ နိုင်ငံတော်ဗဟိုသံဃ ဝန်ဆောင် ဒဂုံပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏာနန္ဒ ဆရာတော်ကြီးမှ တစ်ဆင့် ဂေါပကအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့သည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သီတင်းသုံးရန် အတွက် ဂန္ဓကုဋီတိုက် ကျောင်းဆောင်ကို တည်ဆောက်ရေးအဖွဲ့က အလျား ၁၂ပေ၊ အနံ ၅ပေ၊ အမြင့် ၉ပေရှိ ကွန်ကရိတိုင်များဖြင့် ခိုင်မာစွာ တည်ဆောက်ခဲ့သည်။ ကုန်ကျမှုတန်ဘိုး ငွေကျပ်(၁၀)သိန်းဖြစ်ပြီး အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဒေါက်တာမိုးတင်+ ဒေါက်တာအိအိတင် မိသားစုတို့က မတည် လှူဒါန်းပေးခဲ့သည်။ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ် ဂန္ဓကုဋီတိုက်ကို (၂၆-၇-၂၀ဝ၆)ရက်နေ့တွင် သြဝါဒါစရိယဆရာတော်ကြီးများနှင့် စေတီတော်ဂေါပကအဖွဲ့ တို့က အုတ်မြစ်တော်စီ မင်္ဂလာကျင်းပခဲ့ကြပြီး (၂၆-၈-၂၀ဝ၆)ရက်နေ့တွင် တည်ဆောက်ပြီးစီးကာ (၁၄-၁-၂၀ဝ၇) ရက်နေ့ တွင် ရေစက်ချအလှူတော်မင်္ဂလာကျင်းပခဲ့ကြသည်။ ယခုအခါ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်သည် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ကြိုးပမ်းမှုဖြင့် ဂန္ဓကုဋီတိုက်တွင် သပ္ပါယ်စွာ စမ္ပာယ် သီတင်းသုံးတော်မူလျက်ရှိသည်။