မုစလိန္ဒာကန်နှင့်အတူ နဂါးရုံဘုရား

အသေးစိတ် အချက်အလက်များ

စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဒဂုံပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏာနန္ဒဆရာတော်ကြီးမှ ဘုရားရင်ပြင်တော်တွင် မုစလိန္ဒာရေကန်နှင့်တကွ နဂါးရုံဘုရား တဆူအား တည်ထားကိုးကွယ်ထားရှိရန် ၂၀ဝ၅ခုနှစ်၊ မလေတွင် အကြံပြုဩဝါဒကထာ ပြုခဲ့သည်။ ဆရာတော်ကြီး၏ ဩဝါဒကထာအရ ဂေါပကအဖွဲ့ သည် (၃-၅-၂၀ဝ၅)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် လစဉ်ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်အရ အောက်ပါ တည်ဆောက်ရေးကော်မတီအဖွဲ့ အား ဖွဲ့စည်းဆောင်ရွက်စေခဲ့သည်-  
(က) မုစလိန္ဒာကန်နှင့် နဂါးရုံဘုရားတည်ဆောက်ရေးအဖွဲ့နာယကအဖွဲ့
(၁) ဆရာတော်ဘဒ္ဒန္တဂုဏာနန္ဒ (အဂ္ဂမဟာပဏ္ဍိတ) ဩဝါဒါစရိယ
(၂) ဒေါက်တာမိုးတင်
(အဂ္ဂမဟာသိရီသုဓမ္မမဏိဇောတဓရ)
ဂေါပကအဖွဲ့ဥက္ကဋ္ဌ
(၃) ဦးခင်မောင်သန်း (ပညာရှင်)
ဆောက်လုပ်ရေးဝန်ကြီးဌာန
(ခ) အလုပ်အမှုဆောင်အဖွဲ့
(၁) ဦးကျော်မောင် ၊ ဒုတိယဥက္ကဋ္ဌ (ဂေါပကအဖွဲ့) ဥက္ကဋ္ဌ
(၂) ဦးထွန်းမြင့်၊ ဘဏ္ဍာရေးမှူး (ဂေါပကအဖွဲ့) ဘဏ္ဍာရေးမှူး
(၃) ဦးတင်ထွဋ်၊ စာရင်းစစ်အဖွဲ့ (ဂေါပကအဖွဲ့) စာရင်းစစ်
(၄) ဗိုလ်ကြီးဝင်းစိန် (ငြိမ်း)
(ဂေါပကအဖွဲ့)
တွဲဘက်အတွင်းရေးမှူး
(၅) ဗိုလ်မှူးမျိုးမင်း (ငြိမ်း)
(ဂေါပကအဖွဲ့)
အတွင်းရေးမှူး
ထို့နောက် (၃-၉-၂၀ဝ၅)ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဗဟန်းမြို့နယ် အောင်မြေဘုံစံကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တပညိန္ဒာဘိဝံသ ဆရာတော်ကြီးအမှူးပြုသော သြဝါဒါစရိယ ဆရာတော်ကြီး (၉)ပါးထံမှ သြဝါဒခံယူပြီး (၂၅-၉-၂၀ဝ၅)ရက်နေ့တွင် ပန္နက်တင် မင်္ဂလာပြုလုပ်ကာ (၂၉-၉-၂၀ဝ၅)ရက်နေ့တွင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ သည်။ မုစလိန္ဒာကန်၏အကျယ်မှာ အချင်း ၂၇ပေရှိပြီး နဂါးရုပ် အောက်ခံအခွေမှ အမောက်အထိ ၁၇ပေ ရှိသည်။ အထက်နဂါးခွေမှ ပါးပျဉ်းအထိ အမြင့် ၁၀ပေ ရှိသည်။ နဂါးရုံဘုရား နောက်ခံကိုလည်း ကွန်ကရိအောက်ခံ ဆေးသားနံရံ ဗုဒ္ဓဝင်ပန်းချီကားဖြင့် မြန်မာမှုအနုပညာ အပြည့်အဝဖြင့် ထူးခြားစွာ ရေးဆွဲထားသည်။ အဆိုပါနဂါးရုံဘုရားအား (၂၅-၁၂-၂၀ဝ၅)ရက် နေ့တွင် ဌာပနာသွင်းမင်္ဂလာ ပြုလုပ် ကျင်းပခဲ့ပြီး (၁၄-၁-၂၀ဝ၆)ရက်နေ့တွင် ဘုရားအနေကဇာတင် ရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပခဲ့ ကြသည်။ နဂါးရုံဘုရား တည်ဆောက်ခဲ့မှု၏ အလှူခံရရှိငွေမှာ ငွေကျပ်(၁၇၃)သိန်း ဖြစ်ပြီး ကုန်ကျမှု တန်ဘိုးမှာ ထိုအချိန်က ငွေကျပ်(၁၂၇)သိန်းဖြစ်သည်။ ယခုအခါ အိမ်တော်ရာဘုရား၏ တောင်ဘက်မုခ်ဝ အနီးတွင် ဘုရားဖူးများဖူးမြော် ကြည်ညိုနိုင်လျှက်ရှိကြသည်။