ပါဒစေတီတော်

အသေးစိတ် အချက်အလက်များ

အိမ်တော်ရာစေတီတော် အရှေ့တောင်ထောင့် အရပ်တွင် ၃၂ပါးသော လက္ခဏာတော်ကြီး၊ ၈၀သောလက္ခဏာတော်ငယ်များနှင့် ပြည့်စုံတော်မူသေား ယောင်္ကျားမြတ်တစ်ဆူဖြစ်တော်မူသော မြတ်ဗုဒ္ဓ၏ (၁၀၈)ကွက်ပါသော စက်လက္ခဏာတကွဖြစ်သော ပါဒစေတီတော်မြတ်ကို ကျမ်းဂန်များနှင့် အညီ ၂၀ဝ၄ခုနှစ် နိုဝင်ဘာလတွင် တည်ထားကိုးကွယ်တော်မူခဲ့သည်။ ထိုသို့ ကိုးကွယ်ရခြင်းမှာ သဒ္ဓါတရားရှိသော လူနတ်ဗြဟ္မာ သတ္တဝါအားလုံး မြတ်ဗုဒ္ဓ၏ခြေတော်ရာကို ထာဝရ ကိုးကွယ်တော် မူနိုင်ကြစေရန် ရည်မှန်း၍ ရန်ကုန်မြို့နေ ဒေါ်နုနုဝေ(ရွှေဥရွှေဆိုင်)မှ မတည်လှူဒါန်းထားခြင်း ဖြစ်သည်။ ပါဒစေတီတော်၏ အလျားမှာ ၁၂ပေ၄လက်မ၊ အနံ ၆ပေ၊ ထု ၁ပေ၄လက်မရှိပြီး တန်ချိန်အားဖြင့် (၇)တန်ခွဲဖြစ်သည်။ အဆိုပါစေတီအား မန္တလေးမြို့မှ မြန်မာမှုပန်တမော့ပညာရှင် ဦးတော်တော် မိသားစုက စကျင်ကျောက်သားဖြင့် ထုဆစ် ဖေါ်ဆောင်ထားခြင်း ဖြစ်သည်။ ဒဂုံပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာနနာယက ဘဒ္ဒန္တဂုဏာနန္ဒ ဆရာတော်ကြီး၏ စီစဉ်ညွှန်ကြားမှုဖြင့် တည်ထားစေခြင်း လည်းဖြစ်သည်။ ပါဒစေတီတော်သာမက ကျောင်းဆောင်အမိုးကို ၂၀ဝ၇ခုနှစ်တွင် ကနက္ကဒါန်ထီးပုံစံပြုလုပ်၍ မြန်မာမှုဘုံအဆင့်ဆင့် စုလစ်မွန်းချွန် များဖြင့် ခန့်ငြားထည်ဝါစွာ ဆောက်လုပ်ထားခဲ့သည့် ပါဒစေတီတော် ကိုလည်း ရေရှည်ခိုင်ခံ့စေရန်အတွက် မှန်အုပ်ဆောင်းဖြင့် အုပ်ကာ စနစ်တကျတည်ဆောက်ထားလျှက်ရှိသည်။ အဆိုပါကျောင်းဆောင်အား ၂၀ဝ၇ခုနှစ်၊ မတ်လ(၂)ရက် နေ့တွင် တည်ဆောက်ပြီးခဲ့ပြီး ဒုတိယအကြိမ် တည်ဆောက်ပြီးစီးချိန်တွင် ကုန်ကျငွေ စုစုပေါင်း ကျပ်(၂၂၅)သိန်းခန့် ကုန်ကျခံကာ လှူဒါန်းပူဇော် ထားရှိခြင်းဖြစ်သည်။