စေတီတော်ဆိုင်ရာ

မဟာဓမ္မရံသီအိမ်တော်ရာစေတီတော်




အိမ်တော်ရာစေတီတော်၏ မူလဘုရားဒကာ
အိမ်တော်ရာစေတီတော်၏ မူလဘုရားဒကာမှာ ကုန်းဘောင်းမင်းဆက်၏ ကိုးဆက်မြောက်မင်း ဖြစ်ခဲ့သူ ပုဂံမင်းကြီးပင်ဖြစ်ပါသည်။ ပုဂံမင်းသည် ခမည်းတော် သာယာဝတီမင်း တနည်းဆိုသော ရွှေဘိုမင်း၏ ထီးနန်းအရိုက်အရာကို ခရစ်နှစ် ၁၈၄၆ခုနှစ်မှ ၁၈၅၃ခုနှစ်အထိ စိုးစံတော်မူခဲ့သည်။ သာယာဝတီမင်းသည် အောင်မြေရန်နှင်မြို့တော်တွင် မြနန်းအောင်ချာ စံနန်းတော်ကို တည်ဆောက်၍ စံနေတော်မူပြီး သားတော်များအား စံနန်းတော်ကိုုတည်ဆောက်၍ စံနေတော်မူပြီး သားတော်များအား စံနန်းတော်ကိုတည်ဆောက်၍ အသီးသီးနေရာချထားပေးခဲ့သည်။ ထိုယာယီစံနန်းများ ချပေးခဲ့သည့် နေရာများအနက် မြနန်းအောင်ချာနန်းတော်၏ အနောက်မြောက်ထောင့်အရပ်တွင် ပုဂံမင်းသား၏ ယာယီစံနန်းအိမ်တော်ရှိလေသည်။
မြန်မာသက္ကရာဇ် ၁၂၁၈ခုနှစ်၊တပေါင်းလဆန်း ၁၃ရက်နေ့တွင် ခမည်းတော် သာယာဝတီမင်း သည် နတ်ရွာစံသောအခါ သားတော်ပုဂံမင်းသားသည် ခမည်းတော်၏ အရိုက်အရာ ဆက်ခံပြီး ထီးနန်းစိုးစံလေသည်။ ပုဂံမင်းသည်(၇)နှစ်တိုင်တိုင် ထီးနန်းကိုစိုးစံတော်မူခဲ့သည်။ ပုဂံမင်းသည် သဒ္ဓါတရားနှင့် ပြည့်စုံသော မင်းတစ်ပါးဖြစ်သည်။ ပုဂံမင်းလက်ထက်တွင် နိုင်ငံတော်အတွင်း၌ သားကြီးငါးကြီးများ စသည်တို့ မပေါ်ရအောင် တားမြစ်ခဲ့သည်။ ပုဂံမင်းသည် ရဟန်း ရှင် လူတို့အားလည်း ပေးကမ်းစွန့်ကြဲခဲ့လေသည်။ ၁၂၁၄ခုနှစ်၊ တော်သလင်းလဆန်း(၁၀)ရက်နေ့တွင် နေပြည်တော်အတွင်း လူဦးရေ(၁၂၉၇၀)ဦးတို့အား အဝတ်အထည် စုစုပေါင်း(၁၆၂၅၄၈)ထည်ကို စွန့်ကြဲခဲ့သည်။ တော်သလင်းလဆန်း(၁၄)ရက်နေ့တွင် ရဟန်းသံဃာ အပါးသုံးရာ(၃၀ဝ) မြို့လုံးကျွတ်လူထုကြီးတို့အား ဆွမ်းကျွေးဆက်ကပ်လှူဒါန်းပြီး တရားတော်များ နာယူခဲ့သည်။ ပုဂံမင်းသည် သာသနာတော် ကြည်ညိုသူပီပီ မိမိမင်းသားဘဝက ယာယီ စံနေခဲ့သော အိမ်တော်ဆောက်လုပ်ခဲ့သည့် မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိနေရာများ၌ နောင်လာနောင်သား များ အိမ်ရာဆောက်လုပ်နေထိုင်မည်ကို စိုးရိမ်သဖြင့် (ရန်ကုန်နှင့်မန္တလေး)တွင် ဘုရားစေတီတစ်ဆူစီ တည်ထားခဲ့လေသည်။ ထိုဘုရားစေတီကို အိမ်တော်ရာဘုရားစေတီဟု ခေါ်တွင်စေလေသည်။
အကြီးစားဘက်စုံမွမ်းမံဆောင်ရွက်ခဲ့ခြင်း
ယခင်ဖြစ်ပေါ်နေခဲ့သည့်အခြေအနေ
၁။ အိမ်တော်ရာစေတီတော်အား ပုဂံမင်းကြီးတည်ထားကိုးကွယ်ပြီးနောက် ၁၉၄၇ခုနှစ်တွင် ဂေါပက အဖွဲ့ကို တရားရုံးချုပ်၊ ရန်ကုန်မြို့ဟိုက်ကုတ်လွှတ်တော်မှ (၂-၆-၁၉၄၇)ရက်နေ့တွင် ဦးထွန်းလှဦးစီး အဖွဲ့ဝင် (၉)ဦးဖြင့် စတင်ဖွဲ့စည်းပြီး ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်။ ထိုအချိန်မှ စတင်၍ ဂေါပကအဖွဲ့ အသီးသီးက လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသော်လည်း နှစ်ကာလ ကြာမြင့်မှု၊ ရာသီဥတုဒဏ်နှင့် ပြင်ဆင်ဆောင်ရွက်ခြင်း အားနည်းမှုတို့ကြောင့် စေတီတော်ကြီး အပါအဝင် သာသနိက အဆောက်အအုံများနှင့် စေတီတော်ပရဝဏ်တစ်ခုလုံးမှာ အဖက်ဖက်မှ ယိုယွင်းပျက်စီးမှု၊ ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေ၍ သပ္ပယ်မှုမရှိခြင်း၊ တင့်တယ်မှုမရှိခြင်းများ ဖြစ်ပေါ်နေခဲ့ပါသည်။ စေတီတော်ကြီး၏ မူလအခြေအနေနှင့် ရင်ပြင်တော် ဝန်းကျင်အခြေအနေအား အောက်ပါပုံများဖြင့် ဖေါ်ပြအပ်ပါသည်။


စေတီတော်ကြီးအား ဘက်စုံမွမ်းမံပြင်ဆင်ရန် အစပျိုးလာခြင်း
၂။ ထိုသို့ဖြစ်ပေါ်နေသည့် အခြေအနေမျိုးတွင် စေတီတော်ကြီး၏အရှေ့ဘက်မုခ်တွင် သီးတင်းသုံး လျှက်ရှိသည့် ဒဂုံပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏာနန္ဒ ဆရာတော်ကြီးသည် စေတီတော်ကြီးအားပြုပြင်ရန် ဆန္ဒကိန်းအောင်းပြင်းပြလျှက်ရှိသဖြင့် တစ်နေ့တွင် ဒကာဖြစ်သူ ဒေါက်တာမိုးတင်အား ခေါ်ယူတွေ့ဆုံ၍ စေတီတော်ကြီးအားပြင်ဆင်ရန် ဖြစ်စေလိုသည့်ဆန္ဒကို မိန့်ကြားခဲ့သည်။ ဒကာဖြစ်သူကလည်း စေတီတော်ကြီး၏ အခြေအနေ အရပ်ရပ်ကို အသေးစိတ် လေ့လာကြည့်ရှု ဆောင်ရွက်ခဲ့ပြီး အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြုပြင် ပါမည်ဟု လျှောက်ထားခဲ့သည်။ ၎င်းနောက် ဆရာတော်ကြီးသည် ထိုစဉ်က စေတီတော်သြဝါဒါစရိယ ဥက္ကဋ္ဌဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗဟန်းမြို့နယ် အောင်မြေဘုံစံ ကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တပညိန္ဒာဘိဝံသ ဆရာတော်ကြီးအား ထပ်ဆင့် လျှောက်တင်ခဲ့သည်။ ဆရာတော်ကြီးက ရှေးမူမပျက် အကောင်းဆုံး ဖြစ်အောင် ပြုပြင်ကြပါဟု မိန့်ကြားလာခဲ့ရာမှ အစပြု၍ သာသနာရေးဝန်ကြီးဌာနသို့ တင်ပြကာ စေတီတော်ကြီးအား အကြီးစား ဘက်စုံမွမ်းမံ ပြင်ဆင်မှု အစပျိုးဖြစ်ပေါ်လာခဲ့သည်။
ဘက်စုံမွမ်းမံပြင်ဆင်ရန်သြဝါဒခံယူမှု
၃။ အိမ်တော်ရာစေတီတော် အကြီးစားဘက်စုံမွမ်းမံပြင်ဆင် ဆောင်ရွက်ရန်အတွက် သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာဏာပိုင်အဖွဲ့အစည်းများ၊ စေတီတော်ကြီး ဘက်စုံပြုပြင်ရန် တာဝန်ယူ ဆောင်ရွက်မည့် ဒေါက်တာမိုးတင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် (၃-၉-၂၀ဝ၁) ရက်နေ့တွင် တစ်ကြိမ်၊ (၇-၉-၂၀ဝ၁) ရက်နေ့တွင်တစ်ကြိမ် သြဝါဒါစရိယဆရာတော်ကြီးများ ထံမှ သြဝါဒခံယူ ခဲ့ကြသည်။ အဆိုပါ သြဝါဒခံယူပွဲများမှ အောက်ပါလုပ်ငန်းစဉ်(၉)ရပ်အား စီမံချက် ရေးဆွဲ၍ ပြုပြင် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြ ပါသည်-
(က) အကြိုသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊
( ခ) ထီးတော်ကြီး၏ ပကတိအခြေအနေအား မှတ်တမ်းရယူခြင်း
( ဂ) ထီးတော်အသစ်တင်လှူရန်နှင့် စေတီတော်ရွှေမျက်ပါးကပ်လှူရန်မွမ်းမံပြင်ဆင်ခြင်း၊
(ဃ) အာရုံခံတန်ဆောင်များ ပြုပြင်မွမ်းမံခြင်း၊
( င) ရင်ပြင်တော်နေပူခံကျောက်ပြားများခင်းခြင်း၊
( စ) မုခ်ဦး၊ မဟာရံတံတိုင်းများ ပြုပြင်မွမ်းမံခြင်း၊
(ဆ) သာသနိကအဆောက်အအုံများ ပြန်လည်မွမ်းမံခြင်း၊
( ဇ) လျှပ်စစ်မီးများ ပြန်လည်ပြုပြင်မွမ်းမံတပ်ဆင်ခြင်း၊
( ဈ) အထွေထွေပြန်လည်ပြုပြင်မွမ်းမံခြင်းဟူ၍ ဖြစ်ပါသည်။
အကြိုပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြမှု
၄။ ဘက်စုံမွမ်းမံပြင်ဆင်ရေးလုပ်ငန်းများမစတင်မီ စေတီတော်ပရဝဏ်အတွင်းရှိ အကြို သန့်ရှင်းရေး လုပ်ငန်းများအား (၃-၉-၂၀ဝ၁)ရက်နေ့မှ (၇-၉-၂၀ဝ၁)ရက်နေ့အထိ လုပ်အားပေး အင်အား(၇၂၀)၊ မီးသတ်ယာဉ်(၅)ဦး၊ အခြားအုပ်ချုပ်မှုယာဉ်(၇)စီးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြသည်။ ၎င်းအပြင် ဘက်စုံမွမ်းမံပြင်ဆင်ရေးလုပ်ငန်းခွင်တွင် အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး အတွက် ရိုးရာသာသနာပွဲ (၅၉)ပွဲအား မြောက်ဘက်အာရုံခံ တန်ဆောင်းတွင် တင်လှူပူဇော်ခဲ့ကြသည်။ ထို့အပြင် ဝတ်ရွတ်စဉ်အဖွဲ့များကလည်း နေ့စဉ်ရွတ်ဆို ပူဇော်ခဲ့ကြပြီး ဘက်စုံမွမ်းမံပြင်ဆင်ရေးလုပ်ငန်းများကို (၂၇-၉-၂၀ဝ၁)ရက်နေ့မှစ၍ အရှိန်အဟုန်ဖြင့် ပြုပြင်မွမ်းမံ ဆောင်ရွက်ခဲ့ကြသည်။
ဘက်စုံမွမ်းမံပြင်ဆင်ရေးကော်မတီဖွဲ့စည်းခြင်း
၅။ အိမ်တော်ရာစေတီတော်မြတ်ကြီးအား ဘက်စုံမွမ်းမံပြင်ဆင်ရေးအတွက် သာသနာရေးဝန်ကြီး ဌာနသည် အောက်ပါဘက်စုံမွမ်းမံပြင်ဆင်ရေးကော်မတီ(၆)ရပ်အား (၆-၉-၂၀ဝ၁)ရက်စွဲပါ စာအမှတ်၊ ၁၀ဝ/၆-၄/ဝကရ ဖြင့် စတင်ဖွဲ့စည်းပေးခဲ့ပါသည်-
(က) ဘက်စုံမွမ်းမံတည်ဆောက်ရေး ဦးစီးကော်မတီ၊
( ခ) ဘက်စုံမွမ်းမံတည်ဆောက်ရေး လုပ်ငန်းကော်မတီ၊
( ဂ) ဘာသာရေးအထောက်အကူပြုကော်မတီ၊
(ဃ) ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊
( င) ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးကော်မတီ၊
( စ) လုံခြုံရေးကော်မတီဟူ၍ အသီးသီးဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။
ဘက်စုံမွမ်းမံပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်
ဘက်စုံမွမ်းမံပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်
၆။ အိမ်တော်ရာစေတီတော်မြတ်ကြီး၏ဘက်စုံမွမ်းမံပြင်ဆင်ရေးလုပ်ငန်းများအား (၁၈-၉-၂၀ဝ၁) ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့ကြရာ ထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် အထွတ်တင်လှူ ပြီးစီးချိန်အထိ အောက်ပါလုပ်ငန်းစဉ်အား အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြပါသည်-
(က) အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပခြင်း။ ထိုစဉ်က နိုင်ငံတော်သံဃမဟာ နာယက ဒုတိယဥက္ကဋ္ဌဆရာတော် ဗဟန်းမြို့နယ်အောင်မြေဘုံစံကျောင်း ဆရာတော်ကြီး အမှူးပြုသော သြဝါဒါစရိယဆရာတော်ကြီး(၉)ပါး အရှေ့ဘက်အာရုံခံ တန်ဆောင်းသို့ ကြွရောက်တော်မူခဲ့ ကြပြီး သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အလှူရှင်များ တက်ရောက်ကြည်ညို ခဲ့ ကြပါသည်။ အဆိုပါ အခမ်းအနား အား (၁၂-၉-၂၀ဝ၁)ရက်နေ့မှ (၁၈-၉-၂၀ဝ၁)ရက်နေ့အထိ (၇)ရက် တိုင်တိုင် ကျင်းပခဲ့ကြပါသည်။
( ခ) မှတ်တမ်းများရယူခြင်း။ စေတီတော်မြတ်ကြီးအား ဘက်စုံမွမ်းမံပြင်ဆင်ခြင်းမပြုမီ စေတီ တော်ကြီး အပါအဝင် သာသနိကအဆောက်အအုံများ တစ်ခုချင်းအလိုက် ပကတိ အခြေအနေအရပ်ရပ်တို့အား မှတ်တမ်းတင်ရေးအဖွဲ့က စာရင်းဇယားများနှင့်တကွ အသီးသီးမှတ်တမ်းများရယူခဲ့သည်။ ၎င်းနောက် လိုအပ်သည့်ကဏ္ဍအလိုက် ပြုပြင်နိုင် ရေးအတွက် သက်ဆိုင်ရာ မူလအလှူရှင်ကြီးများထံ ဦးစားပေး အသိပေး အကြောင်းကြား ခဲ့သည်။ စေတီတော်ကြီးအား မပြုပြင်မီတွေ့ရှိရသည့်ပုံအား ပူးတွဲပုံဖြင့် ဖော်ပြအပ်ပါသည်။
( ဂ) ထီးတော်၊ စိန်ဖူးတော်မြတ်နှင့် ငှက်မြတ်နားတော်တို့အား အောက်သို့ပင့်ဆောင်ခြင်း။ ထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာပြီဖြစ်၍ အဘက်ဘက်မှ ချို့ယွင်းအားနည်းချက်ရှိပြီး အသစ်ပြုပြင်မွမ်းမံရန် လိုအပ်လျက် ရှိနေသည်။ ထို့ကြောင့် (၁၁-၉-၂၀ဝ၁)ရက်နေ့တွင် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော်ကြီးများထံ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီးနောက် ဆရာတော်ကြီးများ ၏ ကြီးကြပ်မှုဖြင့် မင်္ဂလာအချိန်တွင် အောက်သို့ပင့်ဆောင်ခဲ့ကြပြီး ကုသိုလ်တော်သိမ်တွင် ခေတ္တပူဇော်ခံ ထားရှိပါသည်။ ထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့၏ မူလအခြေအနေမှာ အောက်ဖေါ်ပြပါ အတိုင်း ဖြစ်ပါသည်။



(ဃ) စေတီတော်ကိုယ်လုံးတော်ကြီးအား မွမ်းမံပြင်ဆင်ခဲ့မှု။ မှတ်တမ်းတင်လေ့လာရေး အဖွဲ့၏ တွေ့ရှိချက်အရ ငှက်ပျောဖူးတော်ထိပ်ပိုင်းနှင့် ကြာကလပ်တော်မျက်နှာပြင် အင်္ဂတေသားများ ပေါက်ပြဲနေပြီး ထီးတော်၏ အလယ်မဏ္ဍိုင် ပန်းလည်တိုင် သံချောင်းလုံးများ သံချေးများတက်၍ အက်ကြောင်းများကြောင့် ခိုင်ခံ့မှုမရှိတော့ပါ။ ငှက်ပျေားဖူးတော် အတွင်းရှိ ပိန္နဲတိုင်သံချောင်းလုံး မှာ အတွင်းသို့ ငါးပေခန့်အဝင် ရှိသဖြင့် ထီးတော်အချိုးအစားနှင့်ယှဉ်ပါက များစွာ တိုတောင်းနေ သည်။ ပိန္နဲတိုင်သံချောင်းလုံး ဆုံသည့်နေရာတွင် အချင်း(၁၀)လက်မခန့်ရှိ ဂလိုင်ပေါက်ကြီး များမှာ ဖေါင်းရစ်(၉)ရစ် အတွင်းပိုင်းအထိ (၂၅)ပေခန့်အထိ နက်ရှိင်းနေသည်။ ငှက်ပျေားဖူးတော် မှာ ဖေါင်းလွန်းပြီး အချိုးအစား ပြေပြစ်ကျနမှုမရှိပါ။ အချို့နေရာများတွင် ခိုင်ခန့်မှုမရှိသည့် အပြင် အက်ကွဲသံဖြစ်ပေါ် နေသည်။ ငှက်ပျောဖူးတော်နှင့် ကြာမှောက်ကြာလှန် အပိုင်းတွင်လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်နေသည်။ စေတီတော်ကြီး၏ အခြားကိုယ်ထည့် အင်္ဂတေသားများ မှာလည်း ခိုင်ခံ့မှုမရှိတော့သည့်အပြင် စေတီတော်ကြီး တစ်ခုလုံးမှာ ဘိလပ်မြေမပါဘဲ ရှေးလက်အုတ်အပါးလေးများ မြေနီမြေစေးညှပ်၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ထီးတော်နှင့် ငှက်မြတ်နားတော်တို့ မှာလည်း ရွှေရောင် အဆင်းများ ပျက်ပြယ်နေသည်။ ထို့ကြောင့် တည်ဆောက်ရေးအဖွဲ့က စေတီတော်ကြီး အချိုးအစားနားကျနစေရန် ထီးတော်အသစ်တင်လှူရန် နှင့် တောင့်တင်းခိုင်မာမှုရှိရန် ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ခဲ့ကြရာ၌ ငှက်ပျောဖူးတော်ထိပ်မှ အောက်သို့ (၂၅)ပေအထိ ခိုင်ခံ့မှုမရှိတော့သဖြင့် ၎င်းအောက်ပိုင်း တစ်ခုလုံးအားဖဲ့ထွင်ပြီး မြေနီမြေစေးများကို အောက်သို့စက်သီးဖြင့် ပို့ဆောင်စုပုံ စေခဲ့သည်။ ပြီးဆုံးသည့်အခါ ဖောင်းရစ်အစပိုင်း မျက်နှာပြင် ဖြစ်ပေါ်နေသည့် နေရာတွင် မျက်နှာပြင်တစ်ခုလုံးအား ကွန်ကရစ် Slab လောင်းပြီး (၂)ပေပတ်လည် သံမဏိ Flat ပြားကြီးအား အခြေခံကာ အချင်း(၁၀)လက်မခန့်ရှိ သံပိုက်ကြီး အလယ်မဏ္ဍိုင်ပိုက်အဖြစ် (၃၃)ပေခန့်အထိ အပိုင်းလိုက်ခက်ခဲစွာ စိုက်ထူဆောင်ရွက်ခဲ့ရသည်။ မဏ္ဍိုင်ပိုက်ကြီး အတွင်းပိုင်းတွင် အချင်း(၃) လက်မ ခန့်ရှိ ပိုက်ကြီးအားထည့်သွင်းစေလျှက် သံမဏိ I Beam တိုင်များ၊ Flat Bar များ လေးဆင့်ခွဲ့ခြင်း တပ်ဆင်ဆောင်ရွက်ခဲ့သည်။ ထိုမှတဆင့် ပတ်လည်တွင် သံချည်သံကွေးများရစ်ပတ်ကာ ပဲခူးရွှေမော်ဓောစေတီတော်ကြီးကဲ့သို့ Shell Type ပုံစံ အချောကိုင်ဆောင်ရွက်စေခဲ့သည်။ ထိုသို့ပြုပြင်မွမ်းမံ ဆောင်ရွက်ခဲ့မှု ကြောင့် စေတီတော်မြတ်ကြီး ၏ ဉာဏ်တော်အမြင့်မှာ မူလ ၇၈ပေရှိရာမှ ဉာဏ်တော်အမြင့် ၈၉ပေ အထိ တိုးမြင့်လာခဲ့သည်။ အဆိုပါလုပ်ငန်းကြီးတစ်ခုလုံးအား ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း ဗိသုကာဌာန နှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတို့မှ ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
( င) ကြေးဖရိန်ကြေးပြားများဖြင့် ရွှေမျက်ပါးကပ်လှူခဲ့မှု။ စေတီတော်ကြီး ရွှေသင်္ကန်း ကပ်လှူရန် အတွက် အခြေခံလုပ်ငန်းဖြစ်သည့် ကြေးဖရိန်၊ ကြေးပြားများ တပ်ဆင်နိုင်ရန် အတွက် ငှက်ပျောဖူးတော်ထိပ်မှ ခေါင်းလောင်းတော်အောက်ခြေအထိ ၉ လက်မကြေးပြား ချပ်ရေ (၆၇၁၇) ချပ် အား မြန်မာမှုအဖွဲ့ဖြင့်တပ်ဆင်ခဲ့ပြီး (၁၁-၄-၂၀ဝ၂)ရက်နေ့ မှ (၁၅-၅-၂၀ဝ၂)ရက်နေ့ အတွင်း ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း ကပ်လှူခဲ့ကြပါသည်။ လုပ်ငန်း ကုန်ကျငွေ ကျပ်(၁၈၁)သိန်း ဖြစ်ပါသည်။
( စ) ခေါင်းလောင်းတော်မှအောက်ပစ္စယံအခြေထိ ရွှေဆေးသုတ်ခြင်း။ အဆိုပါလုပ်ငန်း မစတင်မီ စေတီတော်အောက်ပိုင်းတစ်ခုလုံး အင်္ဂတေသရိုးကိုင်ထားမှု ဖဲ့ထွင်ပြီး ဘိလပ်မြေ ဖြင့် အချောကိုင် ဆောင်ရွက်ခဲ့ပါသည်။ အရန်စေတီများနှင့် ပစ္စယံပန်းအိုး များကိုလည်း အဆင့်မြင့်ပုံစံဖြင့် အသစ် ပြုလုပ်ခဲ့ပါသည်။ ၎င်းမှဆက်လက်၍ အခြေခံ ဆေးသုတ်လုပ်ငန်း ဆောင်ရွက်ကာ ရွှေဆေး သုတ်ခြင်းလုပ်ငန်းအား (၅-၅-၂၀ဝ၂)ရက် နေ့မှ (၁၅-၅-၂၀ဝ၂)ရက်နေ့ အထိ အဆင့်ဆင့် ဆောင်ရွက်ခဲ့ ပါသည်။ လုပ်ငန်းတစ်ခုလုံး၏ ကုန်ကျစရိတ်မှာ ငွေကျပ်(၃၃)သိန်း ခန့် ဖြစ်ပါသည်။
(ဆ) ရွှေထီးတော်အသစ်ပြုလုပ်ခြင်း။ စေတီတော်ကြီး၏ ထီးဟောင်းမှာရွှေရောင်အဆင်း ကင်းခဲ့ပြီး အချို့သောအစိတ်အပိုင်းမှာ ခိုင်ခန့်ကောင်းမွန်မှုမရှိတော့သဖြင့် အသစ်ပြုလုပ် ခဲ့ရာ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ စက်ရုံမှူးဦးအောင်မြတ်နှင့် တည်ဆောက်ရေး ဝန်ထမ်းများက တာဝန်ယူပြီး Stainless Steel ဖြင့် ဖရိန်များပြုလုပ်ပေးခဲ့ပြီး၊ မြန်မာမှုအဖွဲ့က ကြေးခါးပတ်၊ ကြေးပန်းတပ်ဆင်ခြင်းနှင့် ရွှေမျက်ပါးကပ်လှူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထီးတော်အမြင့်မှာ မူလက ၁၄ပေ၊ ၂လက်မရှိရာ ယခုပြုပြင်ချိန် တွင် အမြင့် ၂၂ပေထိ ရှိလာသည်။ ၎င်းအလှူရှင်မှ မိုးကုတ်မြို့နေ ဦးအောင်ကျော် +ဒေါ်ကြည်ကြည်သန်းဖြစ်ပြီး ငွေကျပ် (၂၅)သိန်းခန့် ဖြစ်ပါသည်။ ထီးတော်ဟောင်းနှင့် ထီးတော်အသစ်တို့အား အောက်ပါပုံဖြင့် ဖေါ်ပြအပ်ပါသည်။



တည်နေရာပြ အညွှန်း

တည်နေရာ/အကျယ်အဝန်း
အိမ်တော်ရာစေတီတော်(ရန်ကုန်)သည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းပေါ်တွင် တည်ရှိ၍ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ စေတီတော်ကြီး၏ အရှေ့ဘက်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ကုတင်-၅၀ဝ)၊ တောင်ဘက်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(မြို့မကျောင်း)၊ အနောက်ဘက်တွင် ပြည်လမ်းမကြီးနှင့် ယခင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြောက်ဘက်တွင် ရန်ကုန်ပြည်သူ့ရင်ပြင်ကြီးတို့ တည်ရှိသည်။ စေတီတော်မြတ်ကြီးတည်ရှိရာ အဝန်းအဝိုင်းသည် (၁ဒဿမ၃၇)ဧက ရှိပြီး ဘုရားအပြင်ဘက် ဝတ္တမြေသည် (၂ဒဿမ၆၂၄)ဧကရှိသဖြင့် စုစုပေါင်း (၃ဒဿမ၉၉၄ဧက)ကျယ်ဝန်းပါသည်။ အိမ်တော်ရာ စေတီတော် အပြင်ဘက် ဝတ္တကမြေတွင် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များစုဖွဲ့ တည်ဆောက်ထားသဖြင့် အိမ်တော်ရာတိုက်ဟူ၍ ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ အိမ်တော်ရာတိုက်တွင် ဘုန်းကြီးကျောင်းပေါင်း (၂၄)ကျောင်းတည်ရှိပြီး၊ ဆရာတော်သံဃာတော် (၃၀ဝ)ပါးခန့် သီတင်းသုံးလျက် ရှိကြသည်။